စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်မြောက်ရေးတပ် (KIA) က ယမန်နေ့တွင် ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ကျေးရွာအနီး ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ မွန်းလွှဲ ၂ နာရီခန့်က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ ကြားခဲ့ရသည်ဟု အသက် ၂၂ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“လက်နက်ကြီးပစ်သံအရင်ဆုံးကြားရတာ ပြီးမှအပြန်အလှန်ပစ်ကြတာ။ လက်နက်ကြီးကတော့ ဆယ်ချက်ကျော်လောက်ကြားရတယ်။ ငါတို့အလုပ်လုပ်နေတဲ့နေရာမှာတောင် တစ်လုံးကျတယ်။ ရေမှာဟုတ်လို့ ဘာမှမဖြစ်တာ ကုန်းမှာဆိုရင်သေပြီလေး” ဟုပြောသည်။

အင်အား ၁၀၀ ခန့်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းကို သွားရောက်ပစ်ခတ်ရာမှ KIA တပ်မဟာ ၅ တပ်ရင်း (၁) နေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း KIA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“တိုက်ပွဲကတော့ ခဏပဲဖြစ်တာ ပဒိန်နှစ်ခါ၊ သုံးခါလောက်တော့ပစ်တယ်။ ဘဇူကာလက်ထောက် နည်းနည်းပစ်လိုက်တယ်။ တပ်ရင်းအပြောင်းအလဲလုပ်တယ်လို့တော့ ထင်တယ်” ဟုပြောသည်။

တိုက်ပွဲမှာ နာရီဝက်ခန့်ကြာမြင့်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ MA1 ကျည်ဆန် ၇၃၈ တောက်၊ MG42 ကျည် ၄၇၇တောင့်၊ RPG ဗုံးသီး ၄ လုံး၊ ပို့ကျည် ၅ လုံး၊ ၆၀ mm ၇ လုံး၊ EY အမြောက်ဆန် ၇ လုံး၊ လက်တောက်သေနက် ၁၄ လက်နှင့် လက်ပစ်ဗုံး ၂ လုံးတို့ကိုသိမ်းယူရရှိခဲ့ကြောင်း ခိုင်လုံသော KIA သတင်းအရင်းမြစ်များထံမှသိရသည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် တပ်မ ၈၈ လက်အောက်ခံ ခြေလျင်တပ်ရင်း (ခလရ – ၁၃) မှ တပ်ဖွဲ့ဝင်များဖြစ်ကြောင်းသိရသည်။

သတင်း – Doi Awng, Dureng
ပုံ – မြောက်ပိုင်းကျားဖေ့စ်ဘုတ်စာမျက်နှာ

သင့်ထင်မြင်ချက်ရေးပေးပါ