ဖားကန့်မြို့ ဆန်းကြွယ်ကျေးရွာအုပ်စု မှော်တောင်းကျေးရွာအနီးတွင် ဖမ်းဆီးခံခဲ့ရသည့် အမျိုးသားသုံးဦး တစ်ပါတ်ခန့်ကြာသည်အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။

PDF ထောက်ပို့သည်ဆိုသော စွပ်စွဲချက်ဖြင့် ဇွန်လ ၇ ရက်နေ့ ညနေ ၅ နာရီခန့်က ဖမ်းဆီးခံခဲ့ရသည့် အဆိုပါအမျိုးသာသုံးဦး သေဆုံးသွားပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်ဟု ဖမ်းဆီးခံထားရသူများနှင့် နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“ပြစ်ဒဏ်ချမှတ်လိုက်တာမျိုးတော့ အခုချိန်ထိမကြားမိသေးဘူး။ တချို့ပြောပြလာတာကတော့ စစ်မေးတဲ့အချိန် လက်လွန်ပြီးသေသွားပြီးတဲ့။ ကြားရတဲ့သတင်းလည်း မဖြစ်ပါစေနဲ့ အဆင်ပြေပြေနဲ့ ရှိနေပါစေလို့ပဲ ဆုတောင်းပေးနေတယ်” ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးမေးမြန်းချိန်တွင် ရိုက်နက်နှိပ်စက်မှုများ ပြုလုပ်လေ့ရှိသောကြောင့် စိုးရိမ်ကြောင်း ၅၀၅(က) ဖြင့် ဖမ်းဆီးထောင်ချခံရပြီး ပြန်လည်လွတ်မြောက်လာသူ အမျိုးသားတစ်ဦးက ပြောသည်။

“ဦးမြင့်လွင်၊ ဦးသိန်းနဲ့ပတ်သက်ပြီး ဘာသတင်းများလာမလဲပဲစောင့်နေရတယ်။ စစ်မေးနေတဲ့အချိန် ထုထောင်းခံရမယ့် နည်းမျိုးစုံပေါ့ဗျာ၊ အဲ့တာပဲစိတ်ပူမိတယ်။ ကျန်ခဲ့တဲ့ သူတို့မိသားစုဝင်တွေကလည်း ကလေးငယ်တွေနဲ့ သူတို့ပြန်လွတ်လာမှာကို မျှော်နေကြတယ်” ဟုပြောသည်။

ဖမ်းဆီးခံခဲ့ရသည့် ရှရော်ခကျေးရွာမှ အသက် ၄၅ နှစ်ခန့်အရွယ်ရှိ ဦးမြင့်လွင်၊ မှော်တောင်းကျေးရွာမှ အသက် ၆၀ နှစ်ခန့်အရွယ်ရှိ ဦးသိန်းနှင့် အေးမြသူယာကျေးရွာမှ အသက် ၆၀ နှစ်ခန့်အရွယ်ရှိ ဦးမောင်အေးဆိုသူတို့ဖြစ်ပြီး ဖားကန့်မြို့နယ် ဗျူဟာကုန်းတွင် ဖမ်းဆီးထားကြောင်း သိရသည်။

အဆိုပါအမျိုးသားသုံးဦးကို အင်အား ၂၀ ခန့်ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်ဝတ်များဖြင့် လမ်းတွင်တားဆီးကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးစဉ် သေနတ်ပစ်ခတ်မှုများရှိခဲ့သည်။

ဦးမောင်အေးမှာ ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောဆိုနေကြသော်လည်း The 74 Media က အတည်မပြုနိုင်သေးပါ။

ဖားကန့်မြို့နယ်ရှိ ကျေးရွာများ၊ ကျောက်စိမ်းလုပ်ကွက်များနှင့် တည်းခိုခန်းများတွင် စစ်ကောင်စီတပ်က မကြာခဏ ဝင်ရောက်စီးနင်းဖမ်းဆီးမှုများ ပြုလုပ်လေ့ရှိပြီး ဖမ်းဆီးခံရသူများတွင် လက်ရှိအချိန်ထိ အဆက်အသွယ်မရရှိသူများလည်း ပါဝင်နေသည်။

မှော်ဝမ်းကြီးရပ်ကွက်ရှိ ကျော်နိုင်နှင့်ညီများ ကုမ္ပဏီဝင်းကိုလည်း မေလ ၂၇ ရက်နေ့က စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲခဲ့ကာ ကုမ္ပဏီဝန်ထမ်း ၅၀ ဦးထက်မနည်းကို စစ်ကြောင်းနဲ့အတူ ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

မော်မောင်းလယန်အုပ်စု ဘလခရပ်ကွက်ရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုမှ ရေမဆေးကျောက်ရှာဖွေနေသူ ၂၀ ဦးထက်မနည်းကိုလည်း မေလ ၂၇ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းကဖမ်းဆီးခဲ့သည်။

အင်အား ၃၀ ကျော်ခန့်ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့က လုံးခင်းကျေးရွာရှိ ဥရုဆိုင်းတည်းခိုခန်းကို မေလ ၂၅ ရက်နေ့နံနက်က ဝင်ရောက်စီးနင်းချိန် အမျိုးသားငါးဦးထက်မနည်းကို ဖမ်းဆီးခံခဲ့ရပြီး လေးဦး လွတ်မြောက်ခဲ့သော်လည်း ကျန်တစ်ဦး ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်သည်။

သတင်း – SK

သင့်ထင်မြင်ချက်ရေးပေးပါ