မန်ဂျယ်ပြည်သူ့စစ်တာဝန်ခံတစ်ဦး ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ယနေ့နံနက် ၈ နာရီခန့်က ပစ်သတ်ခံခဲ့ရကြောင်းသိရသည်။

စက်မှုရက်ကွက်အတွင်းရှိ ခေါက်ဆွဲဆိုင်တစ်ဆိုင်တွင် ပစ်ခတ်ခံခဲ့ရပြီး ဆေးကုသမှုခံယူရန် ရွှေလီသို့ပို့ဆောင်စဉ် သေဆုံးခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ခေါက်ဆွဲဆိုင်မှာပစ်ခံရတာ လေးချက်ပစ်တယ် သုံးချက်ထိတယ်။ ခေါင်းနဲ့ လည်ပင်းကိုထိတာ။ ချက်ချင်းမသေဘူး ရွှေလီယူသွားသေးတယ် ရွှေလီမှာဆုံးလာတာ။ ဘယ်အဖွဲ့က ပစ်သတ်သွားတာက မသိသေးဘူး” ဟုပြောသည်။

အသတ်ခံရသူမှာ အသက် ၅၀ နှစ်ခန့်အရွယ်ရှိ ဦးကိုလေးဆိုသူဖြစ်ပြီး ယခင်က ကောင်းခါးပြည်သူ့စစ်အဖွဲ့မှ ထောက်လှမ်းရေးအရာရှိတစ်ဦးဖြစ်ကာ လက်ရှိတွင် မန်ဂျယ်ပြည်သူ့စစ် တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်နေကြောင်း သူကဆက်ပြောသည်။

“သူက အရင်တုန်းကစစ်တပ်ကပါ အထူးကွန်မန်ဒိုတပ်ဖွဲ့ဝင်။ ဘယ်လိုကနေပြီး ကောင်းခါးထဲရောက်သွားလဲ မသိဘူး။ ပန်ခမ်းရွာက နမ့်ပေါ့တံတားဂိတ်နဲ့ ရွှေနန်းတော် ကင်းအဖွဲ့ခေါင်းဆောင် တာဝန်ခံလုပ်နေဆဲ” ဟုပြောသည်။

ဦးကိုလေးမှာ စက်မှုရပ်ကွက်တွင်နေထိုင်သူတစ်ဦးဖြစ်ပြီး မည်သည့်အဖွဲ့ကပစ်သတ်သွားသည်ကို မသိရှိရကြောင်း ဒေသခံအခြားအမျိုးသားတစ်ဦးက ပြောသည်။

“သူက မန်ဂျယ်ပြည်သူ့စစ်ဟုတ်တယ်။ မူဆယ်စက်မှုဇုန် စားသောက်ဆိုင်တစ်ခုမှာဖြစ်သွားတာ” ဟုပြောသည်။

မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်တွင်လည်း ဧပြီ ၂၇ ရက်နေ့က ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံခဲ့ရကြောင်းသိရသည်။

သတင်း – Nan Non

 

သင့်ထင်မြင်ချက်ရေးပေးပါ