စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်ပြီး ကျေးရွာအတွင်းဝင်ရောက်မီးရှို့ခဲ့သဖြင့် ကလေးမြို့နယ် သာစည်ကျေးရွာမှ ကလေးငယ်တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ကလေးမြို့ရှိအမြောက်တပ်နှင့် သာစည်ကျေးရွာအနီးရှိ မြို့အဝင်အထွက်ဂိတ်က ယနေ့ နံနက် ၅ နာရီခန့်မှ စတင်ကာ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ဘကကျောင်း(ဘုန်းကြီးကျောင်းပညာသင်ကြားရေး)မှ ကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု စစ်ရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဒီနေ့မနက်ပိုင်း (စစ်ကောင်စီ)ဘက်က ပစ်တဲ့လက်နက်ကြီးက သာစည်ဘက်ကို ဘကကျောင်းဝန်းထဲ ကျသွားတာဗျ။ အဲ့ထဲမှာ ကလေးငယ်သုံးဦးထိတာ တစ်ဦးကတော့ ဗိုက်ပွင့်ပြီး ပွဲချင်းပြီးကျသွားတယ်။ ဟိုတစ်နေ့ကတော့ ဇင်းကလင်းရွာကိုရှို့တယ်။ ဒီနေ့ကတော့ မနက်ပိုင်းလာက်ကစရှို့တာ” ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယနေ့ နံနက် ၁၀ နာရီခန့်က သာစည်ကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့သဖြင့် ဒေသခံပြည်သူအချို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“သာစည်ရွာကိုရှို့နေတာ ညတုန်းကတော့ ကျောင်းကုန်း(ကျေးရွာ)က ပြည်သူတွေလည်း ရှောင်ကြတာ တော်တော်များများ သာစည်ကလည်း ဇင်းကလင်း(ကျေးရွာ)ကို အထိုင်လာချကတည်းက တော်တော်များများ ရှောင်ကြတယ်။ ကျန်တဲ့သူတွေလည်း ကျန်တယ်” ဟုပြောသည်

ဇွန်လ ၉ ရက်နေ့ကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးမြို့နယ်မှ စစ်ရှောင်ပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ ကျေးရွာအုပ်စုပေါင်း ၄၁ ခုရှိပြီး လူဦးရေ သုံးသိန်းကျော်နေထိုင်သည်။

သတင်း – Nan Non

 

သင့်ထင်မြင်ချက်ရေးပေးပါ