အရေပြားအကြိတ်ရောဂါခံစားနေရသော ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှ အသက် ၁၀ ခန့်အရွယ်ရှိ မိန်းကလေးတစ်ဦး ခွဲစိတ်ကုသမှုခံယူရန် အကူအညီလိုအပ်နေကြောင်း သိရသည်။

နှစ်လသားအရွယ်မှစတင်ကာ ဘယ်ဘက်ချိုင်းအောက်တွင် မွှားကိုက်ခံရပြီးနောက် အကြိတ်ဖြစ်ခဲ့ခြင်းဖြစ်သည်ဟု အစ်မဖြစ်သူက The 74 Media ကိုပြောသည်။

“ရောဂါကအရေပြားအကြိတ်ဟုတ်တယ်တဲ့ ခွဲစိပ်ရမယ်လို့ဆရာဝန်ကပြောတယ်။ တစ်နေ့ထက်တစ်နေ့ ကြီးကြီးလာတာ ပိုသိသာပြီးကြီးလာတာက ငါးနှစ်လောက်ရှိပြီ။ ဘယ်ဘက်ချိုင်းအောက်မှာဟုတ်တယ်။ အကြိတ်ကကြီးတော့ လက်ကိုသိပ်လုပ်လို့မရဘူး။ ကျောပိုးအိတ်တွေလည်း သယ်လို့မရဘူး” ဟုပြောသည်။

ယခုလက်ရှိ မြစ်ကြီးနားမြို့ မလိဇွပ်ဆေးရုံတွင် ဆေးကုသမှုခံယူရန်ပြင်ဆင်နေပြီး ခွဲစိပ်ကုသစရိတ်အဖြစ် ငွေကျပ် ၁၇ သိန်းခန့်ကုန်ကျနိုင်ကြောင်း သိရသည်ဟု လိုက်လံကူညီဆောင်ရွက်ပေးနေသည့် အမျိုးသားတစ်ဦးက ပြောသည်။

“မြစ်ကြီးနားမှာ ခွဲစိတ်လို့ရတယ်လို့ပြောတယ်။ အကြိတ်က ပန်းသီးနှစ်လုံးစာလောက်ရှိမယ်ထင်တယ်။ အရင်တုန်းက ရိုးရာဆေးတွေနဲ့ပဲကုနေတာ ဒီနှစ်မှ အကြိတ်ကပိုကြီးလာတာ။ အရင်ကလည်းတစ်ခါစစ်တာတဲ့ မန္တလေးဆင်းရမယ်ဆိုလို့ ပိုက်ဆံမတတ်နိုင်လို့ပြန်သွားတာတဲ့” ဟုပြောသည်။

လူနာမိန်းကလေးသည် အသက် ၁၀ နှစ်ခန့်အရွယ်ရှိ မခေါင်ဇေဖြစ်ပြီး မိခင်ဖြစ်သူနှင့်အတူနေရာကာ မိသားစုဝင် ၁၀ ဦးတွင် အသက်အငယ်ဆုံးဖြစ်ကြောင်း သိရသည်။

အရေပြားအကြိတ်ရောဂါခံစားနေရသည့် လူနာမိန်းကလေးအတွက် ကူညီလိုပါက ဖုန်းနံပါတ် ၀၉၇၉၇၉၉၉၃၁၆ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

သတင်း – Doi Awng

ဓါတ်ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ