ဗန်းမော်မြို့၊ ဟန်းတဲကျေးရွာတွင် နေထိုင်သော စိတ်ကျန်းမာရေး ချို့တဲ့နေသည့် အမျိုးသားတစ်ဦး မိသားစုနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသည်မှာ ဆယ်ရက်ကျော်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

အသက် ၂၈ နှစ်ခန့်အရွယ်ရှိ မောင်သီဟအောင်ဆိုသူသည် ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့က နေအိမ်မှ ထွက်သွားပြီး ယနေ့ထိ ပြန်လည်ရောက်ရှိလာခြင်း မရှိသေးကြောင်း မိခင်ဖြစ်သူက The 74 Media ကို ပြောသည်။

“သားသားက သွားချင်ရာသွားတယ်၊ လုပ်ချင်ရာ လုပ်တယ်၊ တစ်ခါတလေကျလည်း ကောင်းသလို တစ်ခါတလေကျလည်း မကောင်းသလိုလိုနဲ့။ သူ့ကို သူခိုးဂျပိုးထင်ပြီး ရိုက်နှက်ကြမှာ စိုးလို့လေ” ဟုသူက ပြောသည်။

ကျောက်အိုက်-နောင်မိုကျေးရွာတွင် နေထိုင်သော မောင်သီဟအောင်နှင့် ပြောင်းဖူးချွေသည့်အလုပ် အတူလုပ်ကိုင်ဖူးသူ၏ နေအိမ်သို့ ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့က ရောက်ရှိလာပြီး ရွှေသမင်တောင်ဘက်သို့ သွားမည်ဟုဆိုကာ ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟု သူကဆက်ပြောသည်။

“ဒီမှာရေချိုးပြီ အဝတ်အစားဝတ်နော် ပြီးရင်ဒီမှာ နေထား။ ထမင်းစားပြီးတဲ့အချိန်ကျတော့ ကျွန်တော် ရွှေသမင်တောင် သွားလည်ဦးမယ်ဆိုပြီး ထွက်သွားတာ ညကို ပြန်မလားဘူးတဲ့။ မနက်ဖြန်ခါကျတော့ ရွှေသမင်တောင် ဘုန်းဘုန်းဆွမ်းခံကြွလာတော့ မေးကြည့်လိုက်တော့ မရောက်လာဘူးလို့ ပြောတယ်တဲ့” ဟုသူက ပြောသည်။

ပျောက်ဆုံးနေသူသည် နေအိမ်မှထွက်သွားချိန် ဂျင်းအင်္ကျီအပေါ်ထပ်၊ ပန်းဆီရောင်ခေါင်းစွပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီ ဝတ်ဆင်ထားပြီး ကျောပိုးအိတ်တစ်လုံးလွယ်ကာ ထွက်သွားခြင်းဖြစ်ပြီး လူပျောက်တိုင်ကြားထားခြင်းမရှိကြောင်း သိရသည်။

မိသားစုဝင်များက ဗန်းမော်မြို့ အဝင်၊ အထွက်ရှိ စစ်ဆေးဂိတ်အချို့တွင် သတင်းပို့ထားပြီး သွားတတ်သောနေရာများတွင် လိုက်လံရှာဖွေသော်လည်း မတွေ့ရှိသေးကြောင်း တွေ့ရှိပါက မိခင်ဖြစ်သူ၏ ဖုန်းနံပါတ် ၀၉၇၅၈၀၆၈၅၅၇ သို့ ဆက်သွယ်အကြောင်းကြားစေလိုကြောင်း ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့ကလည်း ဗန်းမော်မြို့၊ စင့်ကင်ကျေးရွာမှ အသက် ၁၃ နှစ်ခန့် အရွယ်ရှိ ယောက်ျားလေးတစ်ဦး ဆိုင်ကယ်ကယ်ရီ လိုက်ပို့ရာမှ ပျောက်ဆုံးသွားခဲ့သည်။

သတင်း – Pan Soon

ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ