အမျိုးသားတစ်ဦး ဓားဒဏ်ရာများစွာဖြင့် သေဆုံးနေသည့် ရုပ်အလောင်းတစ်ခုကို ယမန်နေ့ညနေ ၅ နာရီခွဲခန့်အချိန်က အင်းတော်ကြီးဒေသ နန့်မွန်းမြို့တွင် တွေ့ရှိခဲ့ကြောင်းသိရသည်။

နန့်မွန်းမြို့အထွက်တွင် ဦးခေါင်း၊ လည်ပင်း၊ ရင်အုတ်နှင့် နံရိုးတို့တွင် ဓားထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် ရုပ်အလောင်းကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ကိုနောင်းဒူက The 74 Media ကိုပြောသည်။

“ဓားဒဏ်ရာတွေနဲ့သေနေတာ။ ဓားထိုးရာတွေက အားလုံးစုစုပေါင်း ခြောက်ချက်ရှိတယ်။ တခြားနှိပ်စက်ထားတာမျိုးတွေကမတွေ့ရဘူး။ အဆိုးဆုံးက ဒီနောက်စေ့မှာ ခုတ်ထားတာကအဆိုးဆုံးပဲ” ဟု ပြောသည်။

သေဆုံးနေသည့် အသက် ၂၃ နှစ်ခန့်အရွယ်ရှိ အမျိုးသားမှာ သတ်ဖြတ်ခံထားရခြင်းဖြစ်ပြီး မိသားစုဝင်များနှင့်လည်း အဆက်အသွယ် မရသေးကြောင်း ပါရမီလူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အခုဟာကြီးက တစ်ခါပဲထိုးမိလို့သေတာလည်းမဟုတ်။ မသေမချင်းထိုးသတ်ထားတဲ့ သဘောမျိုးပဲဆိုတော့ အရမ်းရက်စက်ရာကျပါတယ်။ ဒီလိုလုပ်ရပ်က လူမဆန်တဲ့လုပ်ရပ်ကြီးလေ” ဟုပြောသည်။

ရုပ်အလောင်းကို နန့်မွန်းမြို့ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

မိုးညှင်းမြို့ ရွှေပေါက်ကန်ကျေးရွာ စက်ကုန်းရပ်ကွက်ရှိ လယ်တဲတွင်လည်း ပြီးခဲ့သည့် ဧပြီ ၂၂ ရက်နေ့က ပုပ်ပွသေဆုံးနေသည့် အသက် ၅၅ နှစ်ခန့်အရွယ်ရှိ ဦးဝင်းဗိုလ်ဆိုသူ၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သည်။

သတင်း – HN

 

သင့်ထင်မြင်ချက်ရေးပေးပါ