ကချင်လွတ်မြောက်ရေးတပ် (KIA) ၏ ရှေ့တန်းကင်းစခန်းတစ်ခုတွင် လင်မယားနှစ်ဦးကို သတ်ဖြတ်အဓမ္မပြုကျင့်မှုကျူးလွန်ခဲ့သူကို ပြင်းထန်စွာအရေးယူရန် ကချင်လူထုက လိုလားနေကြသည်။

လူသတ်မုဒိန်းမှုကျူးလွန်ခြင်းသည် မည်သည့်လူမှုအသိုင်းအဝိုင်းကမှ လက်မခံနိုင်သော ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု မြစ်ကြီးနားမြို့နယ်၊ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် ဓမ္မကျမ်းစာသင်ကျောင်း၏ ဆရာမတစ်ဦးက The 74 Media ကို ပြောသည်။

“ဒီအဖြစ်အပျက်က အရမ်းကိုဆိုးရွားယုတ်ညံ့တဲ့ အဖြစ်အပျက်ဖြစ်တဲ့အတွက် ဘယ်လိုမှလက်မခံနိုင်တဲ့အရာပဲ ဖြစ်ပါတယ်။ ဘယ်လူမှုအသိုင်းအဝိုင်းကမှ လက်မခံနိုင်တဲ့ ပြစ်မှုဖြစ်ပါတယ်။ နှစ်ယောက်ကိုတောင်မှ နှိပ်စက်ပြီးတော့မှ သူ့ရဲ့ ကာမတဏှာအတွက် ကျူးလွန်ခဲ့တာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူ့အတွက် ထိုက်တန်တဲ့ ပြစ်မှုက သေဒဏ်အပြင် ဘာမှမရှိဘူးဆိုတာ ပြောချင်တယ်” ဟုပြောသည်။

အဆိုပါအမှုကိုဖြေရှင်းရန် စုံစမ်းစစ်ဆေးနေသည့် ကချင်လွတ်မြောက်တပ် (KIA) ၏ တာဝန်ရှိသူများအနေဖြင့် ပြတ်ပြတ်သားသားနှင့် သတ္တိရှိရှိဖြင့် ပြစ်ဒဏ်ချမှတ်ပေးစေလိုကြောင်း ကချင်အမျိုးသားအရေး လှုပ်ရှားသူ တစ်ဦးက ပြောသည်။

“အမျိုးသမီးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တယ်ဆိုတဲ့အမှုက လူမဆန်တဲ့အမှုဖြစ်တယ်။ ကျူးလွန်တဲ့သူရဲ့ မိသားစု၊ အသိုင်းအဝိုင်းနဲ့ ပြည်သူလူထုရှေ့မှာ သူ့ကိုသေဒဏ်ချမှတ်သင့်တယ်။ ဒါစံပြတော့ လုပ်ပြရမှာပေါ့။ လူသတ်မှုကို စစ်ဆေးနေတဲ့ ကေအိုင်အေတွေကို ပြောချင်တာက မပေါ့ဆစေချင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျူးလွန်သူကို ပြတ်သားပြီး ထိရောက်တဲ့အရေးယူဆောင်ရွက်မှုတစ်ခုကို သတ္တိရှိရှိ လုပ်စေချင်တယ်၊ ဒါမှသာလျှင် အဲ့ဒီဒေသမှာ အလားတူဖြစ်ရပ်မျိုး မဖြစ်တော့မှာလို့ မြင်တယ်” ဟုပြောသည်။

သတ်ဖြတ်ခံခဲ့ရသည့် ဇနီးမောင်နှံ၏ ကျန်ရစ်သည့် ကလေးငယ်နှစ်ဦးအတွက် သက်ဆိုင်ရာ လူမှုရေးနှင့် ဘာသာရေးအဖွဲ့အစည်းများက ဝိုင်းဝန်းပူးပေါင်းကာ အဖြေရှာဆောင်ရွက်သင့်ကြောင်း ဝိုင်းမော်မြို့နယ်၊ သတင်းနှင့်လူထုဆက်ဆံရေးကော်မတီမှ လူငယ်တစ်ဦးက ပြောသည်။

“အရွယ်ကောင်းတုန်းမှာ အသတ်ခံခဲ့ရတဲ့အတွက် အရမ်းဝမ်းနည်းရတယ်။ အမျိုးသားက တိုင်းပြည်တာဝန်ထမ်းဆောင်နေတဲ့အချိန် အမျိုးသမီးက မိသားစုအရေးအတွက် ပိုပြီး ရုန်းကန်နေရတဲ့အချိန် အခုလိုဖြစ်သွားတော့ ကျန်နေတဲ့ ကလေးနှစ်ယောက်အတွက်လည်း အင်မတန်မှ စိတ်နာစရာဖြစ်တယ်” ဟုပြောသည်။

ဖြစ်စဉ်ကိုလေ့လာကြည့်ပါက လူသတ်မှုသည် ကြိုတင်ကြံဆပြီး ကျူးလွန်ခဲ့သည်ဟု ယူဆနိုင်သဖြင့် ထိုက်သင့်သည့်ပြစ်ဒဏ်စီရင်ရန်လိုအပ်သည်ဟု ကချင်အရေးစောင့်ကြည့်လေ့လာသူတစ်ဦးက ဆိုသည်။

“စံပြအနေနဲ့ အရေးယူရမှာပါ။ ခင်ပွန်းကိုသတ်ပြီး ဇနီးကိုမုဒိန်းကျင့်သတ်တယ်ဆိုတာ ကြိုတင်ကြံစည်တဲ့ အမှုပါ။ ဘယ်နိုင်ငံမှာမဆို ဒီလိုအမှုတွေကို ထောင်ဒဏ်တစ်သက်မဟုတ်ရင် သေဒဏ်ပါပဲ။ ဒီလိုအမှုမှာ ပြတ်သားမှ နောက်ကို ဒီလိုအမှုတွေနည်းလာမယ်လို့ ယူဆပါတယ်” ဟုဆိုသည်။

ပြစ်မှုကျူးလွန်ခဲ့သူကို လက်ရှိအချိန်တွင် KIA တပ်မဟာ ၈ ၏ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုပြုလုပ်နေပြီး ဟိုပင်မြို့၊ ဘာသာရေးအခြေပြုကော်မရှင်နှင့်အတူ အမှုမှန်ပေါ်ပေါက်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်သည် KIA တပ်မဟာ (၈)၊ တပ်ရင်း ၄၁ နယ်မြေရှိ ဆေးကုသသည့် ကင်းစခန်းတစ်ခုတွင် ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး KIA တပ်ဖွဲ့ဝင်ကို ဦးခေါင်းတွင်ပုဆိန်ဖြင့် ရိုက်နှက်သတ်ဖြတ်ပြီး ဇနီးဖြစ်သူကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သည်။

သတင်း – Pan Soon

ပုံ – ပြစ်မှုကျူးလွန်ခဲ့သည့် အသက် ၄၄ နှစ်ခန့်အရွယ်ရှိ ဦးကျော်ထွန်းဦး

သင့်ထင်မြင်ချက်ရေးပေးပါ