အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကလေးမြို့နယ်တောင်ပိုင်းတွင် ယမန်နေ့ည ၇ နာရီခန့်က ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် ကလေးပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ ဇင်းကလင်းကျေးရွာအနီးတွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု ကလေးမြို့နယ် စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“လက်နက်ကြီးနဲ့ ကျွန်တော်တို့ အပြန်အလှန်ပစ်ခတ်ကြတာပေါ့။ ပစ်တာတော့ တော်တော်လေး ကြာတယ်။ လက်နက်ကြီးကျတော့ ရွာထဲကိုကျတာပေါ့။ လက်နက်ကြီးကျရင်တော့ နေအိမ်တွေတော့ တော်တော်လေးပျက်စီးကြတယ်ဗျ။ တောက်လျှောက်ထုတာ ရေလည်ဦးကျေးရွာ ပေါက်ခုံဘက်ပေါ့။ ဇင်းကလင်းရွာလည်းရှိတယ် တစ်ရွာလုံးကတော့ စစ်ဘေးရှောင်နေကြတယ်” ဟုပြောသည်။

သေဆုံးခဲ့သူမှာ ဇင်းကလင်းကျေးရွာမှ ကားဖြင့် ၁၀ မိနစ်ခန့်သွားရသည့် အကွာအဝေးတွင်ရှိသော ဟိုမာကျေးရွာမှဖြစ်ပြီး သာယာကုန်းကျေးရွာမှ အမျိုးသမီးတစ်ဦးလည်း လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Kalay-PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“နံရိုးဘေးမှာ နံရိုးတော့မကျိုးဘူး။ အထဲတော့အဆုတ်ကို နည်းနည်းထိသလိုတော့ပြောတယ်။ ဒါပေမယ့် ဘာမှ၊ ဘယ်လိုမှတော့မနေဘူး။ အခြေနေကောင်းတယ်ဗျ။ သေတဲ့သူက ဖုန်းသွားယူတာတဲ့ သူ့အကိုအိမ်ဆိုလား ဖုန်းအားသွင်းထားတာကို အပြန်နဲ့ သူ့အိမ်ဝန်းထဲကိုကျတာနဲ့ အဲ့နားမှာထိုင်နေတာ သူ့မိသားစုတွေရော အမျိုးတွေရောရှိတယ် မထိဘူး” ဟုပြောသည်။

ဇွန်လ ၁၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးမြို့နယ်၊ သာစည်ကျေးရွာမှ ကလေးငယ်တစ်ဦးသေဆုံးခဲ့သည်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ ကျေးရွာအုပ်စုပေါင်း ၄၁ ခုရှိပြီး လူဦးရေ သုံးသိန်းကျော်နေထိုင်သည်။

သတင်း – Nan Non

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ