ဖားကန့်မြို့ရှိ ဈေးဆိုင်အချို့ကို အခွန်ပေးဆောင်ရမည်ဟုဆိုကာ ဖုန်းဆက်ခြိမ်းခြောက်မှုများ ဖြစ်ပွားနေကြောင်း သိရသည်။

အမျိုးသားတစ်ဦးက ဖုန်းနံပါတ် ၀၉၆၅၀၂၈၇၉၃၈ ဖြင့် ဆက်သွယ်လာပြီး ဖားပြင်စခန်းသို့ လာရောက်အခွန်ပေးဆောင်ရန် ခြိမ်းခြောက်ခံခဲ့ရသည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက The 74 Media ကိုပြောသည်။

“အဖွဲ့အစည်းတော့မပြောဘူး ဖားပြင်စခန်းကိုလာခဲ့တဲ့။ မလာရင် လူကော ဆိုင်ကော တာဝန်မယူပါလို့ပြောတာပဲ။ အဲ့မှာဘာစခန်းရှိလဲတော့ မသိဘူး။ အခွန်လာဆောင်ပါတဲ့” ဟုပြောသည်။

မကြာခဏ သတ်ဖြတ်မှုများဖြစ်ပေါ်နေသောကြောင့် တိုင်ကြားရန်အတွက်လည်း စိုးရိမ်မှုများရှိကြောင်း သူကဆက်ပြောသည်။

“ဘယ်သူ့ကိုတိုင်ရမလဲ တိုင်လည်းကိုယ်ပဲခံရမယ်။ အဖွဲ့အစည်းများနေတော့ ခြိမ်းခြောက်တာကိုတော့ ကြောက်မိတယ်။ အခုက သတ်တာဖြတ်တာ အလွယ်တကူလုပ်တော့” ဟုပြောသည်။

ဖားကန့်မြို့ရှိ ဈေးဆိုင်အများစုမှာ ဖုန်းမှတစ်ဆင့် ခြိမ်းခြောက်ငွေတောင်းခံနေရသော်လည်း လုံခြုံရေးအခြေအနေကြောင့် ထုတ်ဖော်ပြောရန် မရဲကြောင်း လုံးခင်းဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဘာလုပ်မယ်၊ ညာလုပ်မယ် အဲ့လိုမျိုးခံရတာတွေရှိတယ်။ ဒါပေမဲ့အကြောင်းအမျိုးမျိုးကြောင့် နာမည်တပ်ပြီးလည်း မပြောရဲကြဘူး။ သိပ်တော့ အကြောင်းမဆန်းတော့ဘူး ဖြစ်နေတာ ဒီလိုကာလကြီးဆို‌တော့လေ။ အဲ့လိုအကြောင်းအရာတွေက ကာယကံရှင်တွေကတော့ သတိထားရတာပေါ့လေ” ဟုပြောသည်။

The 74 Media က ရရှိထားသော အချက်အလက်များအရ ဖုန်းဆက်ခြိမ်းခြောက်ကာ ငွေကြေးတောင်းခံမှုများအပြင် Viber မှတစ်ဆင့် ခြိမ်းခြောက်မှုများ ငွေးတောင်းခံရသည့် ဈေးဆိုင်များလည်းရှိသည်။

ဖားကန့်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ခိုးဆိုးလုယက်မှုများ မကြာခဏဖြစ်ပေါ်နေပြီး လက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ဦးကိုလည်း ဇွန်လ ၁၃ ရက်နေ့က အမည်မသိလက်နက်ကိုင်တစ်ဖွဲ့က ပြန်ပေးဆွဲသွားပြီး ငွေကျပ်သိန်းသုံးရာနှင့် ရွှေ ၁၀ ကျပ်သားတောင်းခံခဲ့သည်။

သတင်း – Nan Non

သင့်ထင်မြင်ချက်ရေးပေးပါ