အိမ်စီးကားတစ်စီး အရှိန်မထိန်းနိုင်သဖြင့် အူဗျစ်ကျေးရွာ၊ မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းမကြီးပေါ်ရှိ နေအိမ်တစ်အိမ်ကို ယနေ့မွန်းလွှဲ ၂ နာရီခန့်က ဝင်တိုက်ခဲ့ကြောင်းသိရသည်။

အူဗျစ်ကျေးရွာအဝင် ကုန်းအတက်တွင် အိမ်စီးကားမှာ အရှိန်လွန်ပြီးလမ်းမကြီးဘေးရှိ ခြံဝင်းနှင့် နေအိမ်ကို ဝင်တိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“အရှေ့က UNDP တွေလုပ်ထားတဲ့ရေတွင်းလည်းတိုက်မိသွားတယ်။ အိမ်ခြံစည်းရိုးလည်းပါသွားတာပေါ့၊ လူကဘာမှဖြစ်ဘူး ကားကတော့ ရှေ့ပိုင်းကစုတ်ပြတ်သွားပြီ။ ရွာလူကြီးအိမ်မှာ နှစ်ဖက်အပြန်အလှန်ဆွေးနွေးပြီး သိန်း ၃၀ နဲ့ကျေအေးလိုက်တယ်တဲ့” ဟုပြောသည်။

ကားမောင်းနင်သူ အမျိုးသမီးက လမ်းအကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ အရှေ့တွင်ရှိနေသော အိမ်ကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးကပြောသည်။

“အူဗျစ်တံတားနည်းနည်းကျော်ရင် ကားလမ်းမကြီးက ဘယ်ဘက်ကွေ့တယ် ကားသမားက ဘယ်ကိုမကွေ့ဘဲ တည့်တည့်သွားလိုက်တဲ့သဘောထင်တယ်။ အရှေ့ကအုပ်တွေတောင်ကျိုးသွားတယ်၊ အိမ်တိုင် တစ်တိုင် ထိသွားတယ်” ဟုပြောသည်။

ကားမှာ TOYOTA HILUX VIGO အမျိုးအစားဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ ဗလမင်းထင်တံတားအနီးရှိ မြို့ဝင်ဘီးခွန်ဂိတ်ကို တုန်ဟုန်ကားတစ်စီးဝင်တိုက်ခဲ့သဖြင့် ဂိတ်တဲတစ်ခုပျက်စီးသွားပြီး လူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သတင်း – Doi Awng

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ