မံစီမြို့နယ်၊ မိုင်းခေါင်စစ်ရှောင်စခန်းမှ နေရပ်ပြန်ကြသည့် လိုင်ကာ – ဇွပ်ဂျာကျေးရွာဒေသခံများ ကိုယ်ထူကိုယ်ထမိုင်းရှင်းလင်းရေး လုပ်ဆောင်နေရကြောင်း သိရသည်။

တိုက်ပွဲအတွင်းက မပေါက်ကွဲဘဲ ကျန်ရှိနေသောမိုင်းနှင့် လက်နက်ကြီးများကို တာဝန်ယူရှင်းလင်းပေးမည့် အဖွဲ့အစည်းမရှိသောကြောင့် ဒေသခံပြည်သူများက သိကျွမ်းသည့်နည်းလမ်းဖြင့် ရှင်းလင်းနေခြင်းဖြစ်သည်ဟု လိုင်ကာ – ဇွပ်ဂျာကျေးရွာရှိ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကို ပြောသည်။

“မိုင်းရှင်းလင်းရေးက ဘယ်သူမှလုပ်မပေးကြဘူး။ မြေကြီးမှာ စိုက်မနေတဲ့ လက်နက်ကြီး အပိုင်းအစတွေဆိုရင် ရွာသားတွေ တွေ့ရင်ကောက်လိုက်တယ်။ ကောက်စုထားပြီး ကျင်းထဲမှာ ပြန်မြုပ်လိုက်တယ်။ တကယ်လို့ မြေကြီးမှာ စိုက်နေတဲ့လက်နက်ကြီးဗုံးဆံဆိုရင် အစွန်နားက ပန်ကာရှိတဲ့အပိုင်းကို ကြိုးနဲ့ အရှည်ကြီး ချည်ပြီးတော့ ဝပ်လို့ရမယ့် တောင်ပို့လေးတွေ အရင်ရှာထား၊ သစ်ငုတ်အကြီးနောက်မှာ ကွယ်ပြီး ဆွဲနှုတ်လိုက်ကြတာ” ဟု သူက ပြောသည်။

ကျေးရွာအတွင်းနှင့် အနီးအနားရှိလယ်ကွင်းများတွင် နေရပ်ပြန်သည့်မေလ ၁၀ ရက်နေ့မှစတင်ပြီး ယနေ့အချိန်ထိ လက်နက်ကြီးအခွံ ၁၀ ခုခန့် တွေ့ရှိထားကာ ကျေးရွာအနောက်ဘက်ခြမ်း လူသွားလူလာနည်းသော နေရာတွင် ကျင်းတူးမြုပ်နှံလိုက်ထားကြောင်း သိရသည်။

ကျေးရွာအတွင်း မိုင်းရှင်းလင်းရေး သီးသန့်လုပ်ဆောင်နိုင်ခြင်းမရှိသောကြောင့် ကလေးများအတွင်း မိုင်းအန္တရာယ် စိုးရိမ်မှုများရှိကြောင်း အသက် ၃၉ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ကလေးတွေက ကျောင်းသွားရင် ဟိုဝင်ဒီဝင်နဲ့ ကောက်လာတဲ့ ဗုံးသီးတွေရှိတယ်။ ရွာလယ်ကွင်းထဲမှာလည်း လက်ပစ်ဗုံးသီးကို ဘောလုံးလို ပုတ်ပြီး ခြေထောက်တွေနဲ့ နင်းပြီးဆော့နေကြတာ အဲ့လိုမျိုးတွေ တကယ်လို့ ပေါက်ကွဲသွားရင် ကလေးတွေအတွက် စိုးရိမ်ရတယ်” ဟုပြောသည်။

မြေမြုပ်မိုင်းအန္တရာယ်ကို စိုးရိမ်သောကြောင့် နေအိမ်ခြံဝင်းအချို့နှင့် ကျေးရွာအတွင်းရှိ ခြုံနွယ်ပိတ်ပေါင်းများကို ရှင်းလင်းနိုင်ခြင်းမရှိသေးကြောင်း သူကပြောသည်။

“အခုတောင် ရွာရဲ့တောနည်းနည်းထူတဲ့ နေရာတွေမှာ ဘယ်သူမှမဝင်ရဲကြသေးဘူး။ ခြုံတွေလည်း မရှင်းရဲလို့ မရှင်းရသေးဘူး။ အိမ်မဆောက်နိုင်သေးတော့ တချို့ရွာသားတွေက ဆွေမျိုးတွေနဲ့ တစ်အိမ်တည်းမှာပဲ အတူနေကြတာ။ မရှင်းရသေးတဲ့ အိမ်ခြံဝင်းတွေလည်း ရှိသေးတယ်ဆိုတော့ မိုင်းတွေ ရှိနေမလားဆိုတာလည်း စိုးရိမ်နေရတယ်” ဟုပြောသည်။

နှစ်ဖက်လက်နက်ကိုင်များရှိသော နေရာဒေသဖြစ်သောကြောင့် အစိုးရမဟုတ်သည့် ဒေသခံများအနေဖြင့် အရပ်ဖက်အဖွဲ့အစည်းများကိုသာ မိုင်းရှင်းလင်းရေးအတွက် လာရောက်ကူညီပေးစေလိုကြောင်း သူကဆက်ပြောသည်။

“မိုင်းရှင်းလင်းရေးကို လုပ်စေချင်တယ် ဒါပေမဲ့ ဘယ်ဖက်ကိုပြောရမလဲဆိုတာမသိတော့ဘူး။ စစ်ကောင်စီဘက်က လာရှင်းပေးမယ်ဆိုရင် KIA ဘက်ကမကြိုက်၊ KIA ဘက်ကလာရှင်းဆိုရင်လည်း ဘယ်လိုအစီအစဉ်ရှိလဲမသိဘူး။ အစိုးရနှစ်ခုရှိတဲ့နေရာဆိုတော့ အစိုးရအဖွဲ့မဟုတ်တဲ့သူတွေ လာကူညီဖြေရှင်းပေးရင်ပိုကောင်းမှာ” ဟုပြောသည်။

တွေ့ရှိထားသည့် မပေါက်ကွဲသေးသော လက်နက်ကြီးများကို အချို့က လူအများ လွယ်လင့်တကူ မထိနိုင်သော သစ်ပင်များ ပေါ်တွင်တင်ထားရှိပြီး အချို့မှာ ငါးမိုင်းခွဲရာတွင် ပြန်လည်အသုံးပြုနေကြကြောင်း ဒေသခံများထံက သိရသည်။

လိုင်ကာ – ဇွပ်ဂျာကျေးရွာသည် တောင်ကျရေကို အဓိကထား သောက်သုံးနေရသောကြောင့် မိုးရာသီတွင် သန့်ရှင်းသော သောက်သုံးရေရရှိရန် အကူညီများလိုအပ်နေပြီး ကျန်းမာရေးစောင့်ရှောက်မှု ရရှိရန်လည်း လိုအပ်နေကြောင်း ဒေသခံများကပြောသည်။

အဆိုပါဒေသခံသည် ၂၀၁၃ ခုနှစ် အောက်တိုဘာလက ကချင်အမျိုးသားလွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားချိန် မိုင်းခေါင်စစ်ရှောင်စခန်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူများဖြစ်ပြီး မေလ ၁၀ ရက်နေ့က အိမ်ထောင်စု ၇၂ စု၊ လူဦးရေ ခြောက်ရာကျော်မှာ မူလနေရပ်သို့ ပြန်လည်အခြေချ နေထိုင်ခဲ့ကြသည်။

သတင်း – Pan Soon

ဓါတ်ပုံ – ပုံဟောင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ