ပတ်ကင်းလှည့်နေသည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များကို ယမန်နေ့ နံနက် ၇နာရီခန့်က တိုက်ခိုက်ခံခဲ့ရပြီး တပ်ကြပ်တစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်သုံးဦးသေဆုံးခဲ့ကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

ကနီမြို့၊ ရပ်ကွက် (၃) ဒေသအခေါ် သုံးဒေါင့်ကျွန်းကြို့ပင်လှအရပ်တွင် အင်အား ၁၇ ဦးခန့်ပါရှိသည့် ရဲတပ်ဖွဲ့ဝင်များကို ကနီမြို့နယ်ရှိ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် (DRPA)တပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြန်ကြားရေးအဖွဲ့ဝင် ရဲဘော်မင်းညိုက The 74 Media ကိုပြောသည်။

“လက်နက်အပြည့်အစုံနဲ့ သူတို့(ရဲတပ်ဖွဲ့ဝင်များ)က တကယ်တမ်းကင်းလှည့်တယ်သာပြောတာ စစ်ကြောင်းပုံစံမျိုးကို ပတ်နေတာ။ ဒီကောင်တွေက အလစ်ငိုက်တိုက်ခံရတာဖြစ်တဲ့အတွက် ထိပ်ဆုံးက လျှောက်လာတဲ့ တစ်ယောက်ကိုတော့ ကျွန်တော်တို့ တန်းပစ်တော့ လဲကျသွားတယ်။ ကျန်တဲ့ရဲတွေက ကျသွားတဲ့တစ်ယောက်ကို မကောက်နိုင်ဘဲ ပြေးတယ် ပုန်းတယ် ပြန်ပစ်တယ်” ဟုပြောသည်။

အပြန်အလှန်ပစ်ခတ်ချိန် ရဲတပ်ဖွဲ့ဝင် နှစ်ဦးလှဲကျသွားပြီး ကျန်ရဲတပ်ဖွဲ့ဝင်များက လက်နက်နှင့် ရုပ်အလောင်းများကို ဆွဲယူသွားကြောင်း သူကပြောသည်။

ထိတွေ့တိုက်ပွဲဖြစ်ပွားနေချိန် ကနီမြို့လယ်ရှိ စစ်ကောင်စီဗျူဟာကုန်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ယာကြီးကျေးရွာကို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သူကဆက်ပြောသည်။

“ပစ်နေတုန်းမှာ ဖရိုဖရဲနဲ့ နောက်ကိုဆုတ်နေတုန်းမှာ ယာကြီးရွာကို အကြောင်းမဲ့သက်သက်လှမ်းထုတယ်။ အပြစ်မဲ့ပြည်သူနှစ်ဦးမှာ တစ်ဦးကလက်ပြတ်သွားတယ်။ ဗုံးသီးတိုက်ရိုက်ထိမှန်တော့ ပေါက်ကွဲအားပြင်တော့” ဟုပြောသည်။

စစ်ကောင်စီထံမှ သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများမှာ G3 အမျိုးအစား မောင်းပြန်တစ်လက်၊ G3 ကျည်အတောင်း ၉၀၊ G3 ကျည်ဘောက်သုံးခု၊ ဖုန်းတစ်လုံး၊ စကားပြောစက် တစ်လုံး၊ စာရွက်စာတန်းများနှင့် ငွေကျပ်နှစ်သိန်း၊ ကျည်ကာ နှစ်ထည်တို့ဖြစ်သည်။

 

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ဇန်နဝါရီ ၁၆ ရက်နေ့ကလည်း DRPA အဖွဲ့အပါအဝင် ဒေသခံကာကွယ်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။

သတင်း – Nan Non

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ