နှစ်ပတ်ခန့် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မချမ်းဘော့ – နောင်မွန်းကားလမ်းမတွင် မြေပြိုကျပြီး ယမန်နေ့ညနေ ၂ နာရီခန့်မှ စတင်ကာ လမ်းကြောပိတ်ဆို့မှုဖြစ်နေကြောင်းသိရသည်။

နောင်မွန်းမြို့မှ ငါးမိုင်အကွာရှိ တောင်ကမ်းပါးများပြိုကျပြီး ရေတိုက်စားမှုကြောင့် တံတားချဉ်းကပ်လမ်း မြေသားများပြိုကျခဲ့သောကြောင့် လမ်းကြောပိတ်ဆို့ခဲ့ခြင်းဖြစ်သည်ဟု မချမ်းဘော့ – နောင်မွန်းလမ်း အသက် ၂၈ နှစ်ခန့်အရွယ်ရှိ ခရီးသည်တင်ယာဉ်မောင်းတစ်ဦးက The 74 Media ကိုပြောသည်။

“ကားလမ်းပေါ်မှာမြေကြီးတွေဖုံးသွားလို့ နောင်မွန်းဘက်ပြန်ခေါက်ရတယ်။ တောင်ပြိုတဲ့အကျော်မှာရှိတဲ့ တံတားလည်း မိုးအရမ်းရွာတော့ ရေကြီးပြီးတံတားဘေးက မြေကြီးတွေအားလုံး တိုက်စားသွားလို့ ပြန်ပြင်ရမှာ တောင်ပြိုတာလည်း အဲ့နေရာမှာပဲတော့ မဟုတ်ဘူး လမ်းတစ်လျောက်ပဲ” ဟုပြောသည်။

နှစ်စဉ်မိုးရာသီတွင် မြေပြိုမှုများရှိနေသောကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါလမ်းကို  ရှင်းလင်းရေးလုပ်နိုင်ရန် စက်ယန္တရားများနှင့် လမ်းရှင်းလင်းရေးဝန်ထမ်းများအသင့်ထားရှိရန်လိုအပ်ကြောင်း သူဆက်ပြောသည်။

“အဲ့လမ်းကြောကနှစ်တိုင်းပဲမြေပြိုတာကတော့ မြေသားကလည်းပျော့တယ်၊ လမ်းလုပ်တဲ့အချိန် တောင်ပေါ်ကမြေကြီးဝိတ်တွေ သေချာမဖယ်ထားတော့ မိုးရွာလိုက်တာနဲ့တော့ပြိုတာပဲ၊ ပြိုတာလည်း သုံးလေးနေရာလောက်ကိုပြိုတာ၊ မိုးရာသီရောက်လာရင်တော့ အဲ့လမ်းတွေမှာ လမ်းရှင်းလင်းရေးလုပ်ဖို့ ဆောက်လုပ်ရေးကနေ မြေကော်တဲ့စက်တွေနဲ့ လမ်းလုပ်တဲ့သူတွေအဆင်သင့်ထားရမှာဟုတ်တယ်” ဟုပြောသည်။

လမ်းပိတ်ဆို့မှုဖြစ်ပေါ်လာပါက နောင်မွန်းမြို့နယ်တွင် ကုန်ပစ္စည်းဈေးနှုန်းမြင့်တက်လာနိုင်သောကြောင့် လမ်းရှင်းလင်းရေးကို အမြန်ဆုံးလုပ်စေလိုသည်ဟု အသက် ၄၀ နှစ်ခန့်အရွယ်ရှိဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“လမ်းမှာအခုလိုမြေပြိုပြီး မကြာခဏပိတ်နေရင်တော့ ဈေးတက်သွားတာဟုတ်တယ်၊ အရင်ကလည်း လမ်းပိတ်လို့ ဆန်ဈေးကစအားလုံးဈေးတက်သွားတဲ့ အချိန်ရှိတယ်။ မိုးရာသီမှာက ပူတာအိုဘက်လည်း ကျန်းမာရေးကြောင့် မသွားမဖြစ်တဲ့ အချိန်မှသွားကြတာ။ အသစ်လုပ်ထားတဲ့လမ်းမှာလည်းပြိုတယ်ဆိုတော့ ကုန်ဈေးနှုန်းတွေတက်လာမှာစိုးတယ် အဲ့ဒါကြောင့် ရှင်းလင်းရေးတွေ မြန်မြန်လုပ်ပေးရင်ကောင်းတယ်” ဟုပြောသည်။

မြေပြိုသည့်နေရာကို ယမန်နေမှစတင်ကာ မြို့နယ်အုပ်ချုပ်ရေးမှူးကဦးဆောင်ပြီး မြေကော်ကားတစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ လုပ်နေသော်လည်း ပေတစ်ရာကျော်ခန့်ပြိုသွားသောကြောင့် လမ်းပြန်ဖွင့်နိုင်ရန် နှစ်ရက်ခန့်ကြာနိုင်ကြောင်း ဒေသခံများထံမှသိရသည်။

မချမ်းဘော့ – နောင်မွန်းလမ်းသည် နှစ်စဉ်မိုးရွာသွန်းမှုကြောင့် မြေပြိုကာ လမ်းပိတ်ဆို့မှုများ ဖြစ်ပွားလေ့ရှိပြီး လမ်းပိတ်ပါက နောင်းမွန်မြို့နယ်တွင် အခြေခံစားသောက်ကုန်များနှင့် စက်သုံးဆီဈေးနှုန်းမှာ တစ်ဆခန့်မြင့်တက်သွားလေ့ရှိကြောင်း ဒေသခံများထံက သိရသည်။

နောင်မွန်းမြို့နယ်သည် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ငါးထောင်ကျော်ခန့်နေထိုင်ပြီး အသက်မွေးဝမ်းကျောင်းအဖြစ် တောင်ပေါ်မှဆေးမြစ်ရှာဖွေသည့်လုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်ကြသည်။

သတင်း – Dureng

ပုံ – PUTAO Regional info page

သင့်ထင်မြင်ချက်ရေးပေးပါ