ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာရှိ ကချင်လွတ်မြောက်ရေးတပ် (KIA) အုပ်ချုပ်ရေးရုံး ယမန်နေ့ည ၁၀နာရီခန့်က ဝင်ရောက်စီးနင်းခံရပြီး အယောက် ၃၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး သေဆုံးသူများလည်းရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆိုင်းတောင်ရပ်ကွက် (၃) ရှိ တိုက်နယ်ရုံးကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အနီးပတ်ဝန်းကျင်ရှိ ပြည်သူများကိုလည်း ဖမ်းဆီးသွားသည်ဟု ဖားကန့်မြို့ရှိကေအိုင်အေ အရာရှိတစ်ဦးက The 74 Media ကိုပြောသည်။

“လူပါသွားတယ်လို့ပြောတယ်။ အိမ်ဘေးကလူတွေတော့ အကုန်ခေါ်သွားတယ်။ ရုံးဆိုတာသိလို့ ဝင်စီးတာထင်တယ်။ မနေ့ညက လူတွေကိုလည်းတော်တော်များများပစ်သတ်လိုက်တယ်တဲ့။ လူမှုရေး မော်တော်ကားတွေငါးစီးသွားရတယ်ဆိုတော့ ပစ်ကြတာ ဘယ်လောက်ပါတယ်ဆိုတာ အတိကျမသိဘူး” ဟုပြောသည်။

KIA ကဖမ်းဆီးထားသည့် အကျဉ်းသားများကိုလည်း စစ်ကောင်စီတပ်က ခေါ်ဆောင်သွားပြီး ယမန်နေ့ည အပြန်အလှန်ပစ်ခတ်မှုတွင် သေဆုံးသူများလည်းရှိကြောင်း ကေအိုင်အေနှင့်နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

“(KIA) ကဖြေရှင်းရမယ့် အကျဉ်းသား တွေရှိတယ်လေ သူတို့ခေါ်ထားတာ။ သတင်းက အကုန်ကောင်းကောင်းမရသေးဘူး။ သေတဲ့သူလည်းရှိတယ်လို့ပြောတယ် သေချာတော့ မသိသေးဘူး။ မနေ့ညက သူတို့လာဝိုင်းပစ်ကြတယ် တစ်ညလုံးပစ်ကြတယ်တဲ့။ ဒီမနက် ၅ နာရီထိ အသံတွေ ကြားနေရတယ်။ အဲ့မှာ စစ်သားတွေရှိနေတော့ သတင်းသေချာယူဖို့က ခက်ခဲတယ်” ဟုပြောသည်။

အဆိုပါဖြစ်စဉ်တွင် ဖမ်းဆီးခံရသူနှင့် ထိခိုက်သေဆုံးသူအရေအတွက် အတိအကျကို The 74 Media က အတည်ပြုနိုင်ရန်ကြိုးစားနေဆဲဖြစ်သည်။

အဆိုပါရုံးအပြင် အနီးပတ်ဝန်းကျင်ရှိ အိမ်များကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့နံနက်တွင် လိုက်လံမီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“မိုးကြီးနေတုန်းဗုံးတွေပါပေါက်တယ်။ မနက်ရောက်တော့ စစ်တပ်က ဆိုင်းတောင်ရပ်ကွက် (၃) နားက ကချင်ကုန်းလို့ခေါ်တဲ့နေရာမှာရှိတဲ့ KIA နဲ့ ဆက်နွယ်တယ်လို့ထင်ရတဲ့အိမ်တွေကို မီးသွားရှို့တာ။ အခုထိမီးကရှို့နေတုန်း ဆိပ်မူကျေးရွာထိပ်အဝင်ဝမှာလည်း စစ်နေတယ်” ဟုပြောသည်။

ဖမ်းဆီးခံရသူနှင့် သေဆုံးသူအရေအတွက်များကို The 74 Media က သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့ကူလည်း ဖားကန့်မြို့ ဖားပြင်ကျေးရွာရှိ ကချင်ရိုးရာယဉ်ကျေးမှုရုံးတွင် အစည်းအဝေးပြုလုပ်နေချိန် စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်စီးနင်ခဲ့ပြီး KIA အရာရှိများအပါအဝင် အယောက် ၃၀ ခန့် ဖမ်းဆီးခံခဲ့ရသည်။

သတင်း – Nan Non, SK

သင့်ထင်မြင်ချက်ရေးပေးပါ