စစ်ကိုင်းတိုင်း မုံရွာခရိုင်တပ်ရင်း Chindwin Attack Force အဖွဲ့၏ လက်နက်ထုတ်လုပ်သည့်စခန်းတစ်ခု မတော်တဆ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့က လက်နက်ထုတ်လုပ်ရန်အတွက် ဂဟေဆော်နေချိန် လွှင့်စင်လာသည့် မီးပွားမှတဆင့် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ငွေကျပ်သိန်း ၃၀၀ ခန့်ဆုံရှုံးခဲ့သည်ဟု  Chindwin Attack Force အဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက The 74 Media ကိုပြောသည်။

“ဒီဘက်ကနေပြီး လက်လုပ်နေတာပေါ့နော်။ တဖွဲ့က ဂဟေဆော်နေတာပေါ့နော်။ မီးပွားတွေစင်လာပြီး မီးလောင်ပေါက်ကွဲသွားတာပါဗျာ” ဟုပြောသည်။

ပြည်သူများလှူဒါန်းထားသော ငွေကြေးဖြင့် ဝယ်ယူထား‌သော ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရသောကြောင့် ပြည်သူထံသို့ တောင်းပန်လိုကြောင်း သူကဆက်ပြောသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်သူတွေကို တောင်းပန်ချင်တယ်ပေါ့နော်။ ဒီဟာတွေအကုန်က ပြည်သူ့ပိုက်ဆံနဲ့ပေါ့နော်။ ပြည်သူ့ပိုက်ဆံတွေကို ကျွန်တော်တို့ ပေါ့ဆမှုကြောင့် ခုလိုဖြစ်သွားတယ်ပေါ့” ဟုပြောသည်။

မီးလောင်မှုကြောင့် သိုလှောင်ထားသော ယမ်းများ၊ လုပ်လက်စ လက်လုပ်သေနတ်များ၊ မော်တာများနှင့် အခြားပစ္စည်းများဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်နေ့ကလည်း အရာတော်မြို့နယ်အခြေစိုက် Danger Force Local PDF အဖွဲ့၏ ထုတ်လုပ်ရေးစခန်းတစ်ခု အပူရှိန်ကြောင့် မတော်တဆ မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

သတင်း – Ma Di

ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ