ဖားကန့်မြို့နယ်တွင် ယနေ့နံနက်က KIA အုပ်ချုပ်ရေးရုံး ဝင်ရောက်စီးနင်းခံရချိန် သုံးဦးသေဆုံးခဲ့ပြီး ခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကားငါးစီးဖြင့်ရောက်ရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များဝင်ရောက်ပစ်ခတ်ခဲ့သဖြင့် သုံးဦးထက်မနည်း ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ခုနှစ်ဦးကို ဖားကန့်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု ‌ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“သေတဲ့သူတွေက ခေါင်းတွေဘာတွေ ပွင့်ပြီးသေတာလည်းပါတာပဲ။ ဘယ်လိုတွေကြောင့်လဲတော့မသိဘူး။ ထွက်ပြေးတာမျိုး တစ်ခုခုကြောင့်ပဲ ပစ်သတ်တာလားတော့မသိဘူး။ မရှီကထောင်ဝိသာခါကကောက်သွားတာ။ သေတာသုံးယောက်၊ ဒဏ်ရာရတာခုနှစ်ယောက်တော့သေချာတယ်။ ကားတစ်စီးထဲ သုံးယောက်ကောက်တင်ပြီး ရင်ခွဲရုံရောက်သွားပြီ” ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ငွေရောင်ကားတစ်စီး၊ ခရောင်းအမဲရောင်တစ်စီး၊ ပရာဒိုအစိမ်းရောင်၊ ပါဂျဲရို အဖြူရောင်နှင့် ဖိုးဝှီးအပြာရောင်စသည့် ကားငါးစီးဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။

ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူများမှာ မည်သူမည်ဝါဖြစ်သည်ကို အတိအကျ မသိရှိရသေးဘဲ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သူများတွင် အရပ်သားပြည်သူများလည်း ပါဝင်ကြောင်း KIA အရာရှိတစ်ဦးက The 74 Media ကိုပြောသည်။

“သေသွားတာ ဘယ်သူတွေလည်းမသိရသေးဘူး။ ထိခိုက်တာက ဖမ်းထားတဲ့ အကျဉ်းသားတွေဟုတ်တယ် အုပ်ချုပ်ရေးပိုင်းက ဖမ်းထားတဲ့အတွက် ဘယ်သူတွေလဲဆိုတာ အတိကျတော့မသိဘူး။ ကျန်တာက မိသားစုလိုက်နေတဲ့ အိမ်တွေကို အကုန်ဖမ်းတာကိုး သူတို့ကိုက လွှတ်ပေးလိုက်ပြီတဲ့” ဟုပြောသည်။

ဖမ်းဆီးခံရသူများနှင့် ပတ်သတ်ပြီး KIA နှင့် ဒေသခံများက အယောက် ၃၀ ထက်မနည်းရှိသည်ဟု ပြောဆိုနေကြသော်လည်း The 74 Media ကသီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဆိုပါ KIA အုပ်ချုပ်ရေးရုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြန်လည်ပြုပြင်ခြင်းများ မပြုလုပ်ရန် ခြိမ်းခြောက်ပြောဆိုသွားကြောင်း ဆိပ်မူကျေးရွာ ရပ်ကွက်သုံးတွင်နေထိုင်သည့် အသက် ၃၄ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“အခုမီးရိူ့ခဲ့တဲ့ဟာတွေကို ပြန်ပြင်ရဲတဲ့ကောင်ပြင်စမ်း ဘယ်ကောင်မှ အရှင်မထားဘူး။ ပြင်တယ်သိလို့ကတော့ ငါတို့ပြန်လာခဲ့မယ်ဆိုပြီး စစ်ကောင်စီကအော်သွားသေးတယ်” ဟုပြောသည်။

ယနေ့နံနက်က ဆိပ်မူကျေးရွာအတွင်း လမ်းသွားလမ်းလာပြည်သူများကို စစ်ကောင်စီတပ်က တားဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အသက် ၄၂ နှစ်ခန့်အရွယ်ရှိ မှော်ရှန်ကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ဆိုင်ကယ်ကိုတားပြီး ဖုန်းတွေကို စစ်တယ်။ ဘယ်သွားမှာလဲမေးတယ်။ တူးဘောက်တွေလည်း ဖွင့်ခိုင်းတယ်။ ကချင်လူမျိုးလားလို့လည်းမေးတယ်။ ဂရုစိုက်ပြီးနေကြလို့လည်း စစ်သားတွေကပြောလိုက်သေးတယ်” ဟုပြောသည်။

ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့ကလည်း ဖားကန့်မြို့  ဖားပြင်ကျေးရွာရှိ ကချင်ရိုးရာယဉ်ကျေးမှုရုံးတွင် အစည်းအဝေးပြုလုပ်နေချိန် စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်စီးနင်ခဲ့ပြီး KIA အရာရှိများအပါအဝင် အယောက် ၃၀ ခန့် ဖမ်းဆီးခံခဲ့ရသည်။

သတင်း – Nan Non, SK

ပုံ – မီးရှို့ဖျက်ဆီးခံခဲ့ရသည့် KIA အုပ်ချုပ်ရေးရုံး

KIA ရုံးစီးနင်းခံရသည့် သတင်းကို The 74 Media တွင် တင်ပြပြီးဖြစ်ပါသည်။ https://www.facebook.com/The74Media/posts/pfbid0vMy8PFhMrX52BFiRmhkHQbuJGgiBAEaQxcZdABPLE7atT4TKgirWWVNzuF6xJfoEl

သင့်ထင်မြင်ချက်ရေးပေးပါ