ပူတာအိုမြို့နယ်ရှိ လယ်ကွက်များတွင် လယ်သမားအယောင်ဆောင်ပြီး သာမန်ဈေးနှုန်းထက်လျှော့ပေါ့ကာ မူးယစ်ဆေးဝါး လိုက်လံရောင်းချသူများရှိနေကြောင်း သိရသည်။

လန်းတောင်ကျေးရွာအနီးရှိလယ်ကွက်များတွင် အမျိုးသားတစ်ဦးက ဓားလွယ်နှင့် နွားချည်ကြိုးများကိုင်ကာ လွယ်အိတ်တစ်လုံးဖြင့် လယ်လုပ်ယောင်ဆောင်ကာ မူးယစ်ဆေးဝါးများ လိုက်လံရောင်းချနေကြောင်း အသက် ၃၀ ခန့်အရွယ်ရှိ မူးယစ်ဆေးသုံးစွဲသော လယ်သမားတစ်ဦးက The 74 Media ကိုပြောသည်။

“ဘယ်ကလာတဲ့ကောင်တွေလဲတော့ မသိဘူး ဓားလွယ်တော့လွယ်ထားပြီး လယ်လုပ်တဲ့ကောင်လိုလို ဘာလိုလိုနဲ့ ဆေးရောင်းနေတာ။ သူကလူကိုသေချာကြည့်တယ် ပြီးတော့မှစကားလာပြောတာ အခြေအနေ ဘယ်လိုရှိလဲ ဘာညာပေါ့၊ ပြီးမှပဲ ငါတို့ဆေးသုံးတယ်ဆိုတာသိမှ ဆေးပါတယ်နော် ဘာညာပြောပြီးရောင်းတာ၊ သူတို့ရုပ်နဲ့ စကားပြောပုံကိုကြည့်ရတာတော့ ဒေသခံမဟုတ်ဘူး” ဟုပြောသည်။

မူးယစ်ဆေးသုံးစွဲသူများက တစ်ရက်လျှင် အနည်းဆုံးသုံးကြိမ်ခန့် ဆေးအသုံးပြုကြပြီး လယ်ယာများတွင် ဆေးလိုက်လံရောင်းချသူများလည်းရှိသောကြောင့် နေအိမ်သို့မပြန်ဘဲ မူးယစ်ဆေးအသုံးပြုနိုင်ရန်သာ စဉ်းစားနေကြကြောင်း သူကဆက်ပြောသည်။

“ကိုယ်နဲ့အနီးဆုံးကစတွေးတာ၊ ရောင်းဖို့ဘာတွေရှိလဲဆိုတာပေါ့။ နောက်ဆုံးကြံရာမရတဲ့ အချိန်တွေဆို ဆေးရောင်းတဲ့သူတွေကြိုက်မယ်ထင်တဲ့ဟာ၊ တွေ့တာအကုန်ခိုးယူပြီး ဘိန်းနဲ့လဲကြတယ်။ တစ်ခါတလေ ဆေးရောင်းတဲ့သူတွေဘာကြိုက်လဲလို့အရင်မေးပြီး လိုက်ရှာတာတွေလည်းရှိဖူးတယ်” ဟုပြောသည်။

လယ်ယာအတွင်း မူးယစ်ဆေးလိုက်လံရောင်းချသူများရှိနေသောကြောင့် လယ်ယာသုံးပစ္စည်း၊ ကျွဲ၊ နွားနှင့် လယ်စောင့်တဲတွင်ထားရှိသော ပစ္စည်းများ ပျောက်ဆုံးမှုပိုမိုများပြားလာကြောင်း အသက် ၅၀ နှစ်ခန့်အရွယ်ရှိ လယ်ယာလုပ်ငန်းလုပ်ကိုင်နေသူအမျိုးသမီးတစ်ဦးကပြောသည်။

ကျွဲနွားများပျောက်ဆုံးမှု ပိုမိုများပြားလာကြောင်း အသက် ၅၀ အရွယ်ခန့်ရှိ လယ်ယာလုပ်ငန်းလုပ်ကိုင်နေသူအမျိုးသမီးတစ်ဦး ကိုပြောသည်။

“ဘာပစ္စည်းမှထားလို့မရဘူး ဆေးသမားတွေအားလုံးခိုးပြီး ဘိန်းတွေနဲ့လဲကြတာ။ စောင်တွေ၊ ခေါင်းအုံးတွေ ထမင်းချက်တဲ့အိုးတွေအားလုံးခိုးတယ်။ စက်သုံးဆီနဲ့ စက်ထဲကအင်ဂျင်ဝိုင်ကအစခိုးတယ်။ လူမရှိတဲ့အချိန်ဆို လယ်တဲမှာလည်း ဘိန်းထိုးပြီး အပ်တွေဒီတိုင်းပဲပစ်ထားကြတာ” ဟုပြောသည်။

ပြီးခဲသည့် ဇွန်လ ၁၇ ရက်နေ့ကလည်း လယ်စောင့်တဲအနီးတွင် နွားတစ်ကောင်သတ်ဖြတ်ခံထားရပြီး ဦးခေါင်းနှင့် ခြေထောက်များသာကျန်ရှိကာ ကျန်အသားမှာ မရှိတော့ကြောင်း သူကပြောသည်။

မူးယစ်ဆေးအလွယ်တကူ ရရှိနိုင်သောကြောင့် ပူတာအိုဒေသတွင် လူငယ်ဆေးသုံးစွဲသူ ပိုမိုများပြားလာပြီး လယ်လုပ်ငန်းအတွက် နေ့စားခေါ်လျင် လုပ်အားခအဖြစ် မူးယစ်ဆေးမပေးနိုင်ပါက အလုပ်သမားရရှိရန်ပင် ခက်ခဲနေကြောင်း သူကဆက်ပြောသည်။

“အိမ်မှာအလုပ်ရှိလို့ ဘိန်းစားတွေကို ပိုက်ဆံပေးပြီးခေါ်ရင်တောင် ဘိန်းပေးတာမဟုတ်ရင်တော့ မလုပ်ချင်ကြဘူး။ ကျွန်မတို့လိုဘိန်းမပေးနိုင်တဲ့သူတွေက အလုပ်သမားတောင်အရမ်းခေါ်ရခက်တယ်။ ရဲတွေလည်း ဘိန်းရောင်းတဲ့သူတွေကို ထိထိရောက်ရောက် အရေးယူတာတွေမရှိဘူးလေ။ ပိုက်ဆံပဲ ကောက်ကြတာဆိုတော့ ရောင်းတဲ့သူတွေလည်း လွတ်လွတ်လပ်လပ်ရောင်းလို့ရသလို ဝယ်တဲ့သူတွေလည်း အရမ်းလွယ်တယ်လေး” ဟုပြောသည်။

ပူတာအိုမြို့နယ်အတွင်း မူးယစ်ဆေးသုံးစွဲလာသူများတွင် ဆယ်ကျော်သက်အရွယ်လူငယ်များလည်း ပါဝင်လာပြီး ရွှေတူးဖော်ရေးလုပ်ငန်းများတွေလည်း ရွှေလုပ်သားများကို လုပ်ခလစာအဖြစ် ငွေကြေးအစား မူးယစ်ဆေးကိုသာပေးကြောင်း သိရသည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ် နေရာအနှံ့အပြားတွင် မူးယစ်ဆေးဝါးပြဿနာနှင့် ခိုးဆိုးလုနှိုက်မှုများ ပိုမိုများပြားလာပြီး ဧပြီလ ၅ ရက်နေ့ကလည်း လေယာဉ်ကွင်းရပ်ကွက် (၃) တွင် အိမ်ဖောက်ကာ ပစ္စည်းများခိုးယူနေသူကို ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချိန်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ ဖြစ်ကြောင်းဝန်ခံခဲ့သည်။

ပူတာအိုမြို့နယ်သည် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေခြောက်သောင်းကျော် နေထိုင်ပြီး အသက်မွေးဝမ်းကျောင်းအတွက် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသည်။

သတင်း – Dureng

သင့်ထင်မြင်ချက်ရေးပေးပါ