ဒေသခံပြည်သူများ ကန့်ကွက်မှုများကြောင့် ယာယီရပ်နားထားသော ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စုမှ သံသတ္တုရိုင်းတူးဖော်မှုကို အပြီးတိုင်ပိတ်သိမ်းစေလိုကြောင်း သိရသည်။

မိုင်းနားကျေးရွာအုပ်စု၊ လဘာန်ကျေးရွာ ဒေသခံပြည်သူများထံ တစ်စုံတစ်ရာ အသိပေးခြင်းမရှိဘဲ သံသတ္တုရိုင်းတူးဖော်မှုကို ဧပြီလ ၂၀ ရက်နေ့မှစတင်ခဲ့ခြင်းဖြစ်ပြီး ဒေသခံတစ်ရာကျော်သွားရောက်ကန့်ကွက်ခဲ့သောကြောင့် မေလကုန်ပိုင်းက ရပ်နားထားခဲ့သည်ဟု အသက် ၄၀ ကျော်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဒီဘက်က ဧရာဝတီမြစ်ဖြစ်သွားပြီ နောင်းချိန်းနဲ့ကျွန်တော်တို့ရွာကြားမှာလည်း သစ်သျှူးငှက်ပျောစိုက်ထားတယ်ဆိုတော့ ကျွန်တော်တို့ လယ်ယာလုပ်ငန်းတွေလုပ်ဖို့ နေရာက မကျန်တော့ဘူးလေ။ ဒါကြောင့် ကျွန်တော်တို့လည်း မဖြစ်တော့ဘူးဆိုပြီး အဲ့နေရာနဲ့သက်ဆိုင်တဲ့လူထုပါဝင်ပြီး ကန့်ကွက်ကြတာ” ဟုပြောသည်။

ရွာနှင့် နှစ်မိုင်ခန့်သာဝေးသောနေရာတွင် တူးဖော်နေခြင်းဖြစ်ပြီး အပြီးတိုင်ပိတ်သိမ်းသွားခြင်းမရှိပါက ကျေးရွာအတွင်းရှိ လယ်ယာမြေများနှင့် ရေအရင်းအမြစ်များ ပျက်စီးသွားမည်ကို စိုးရိမ်ကြောင်း ဒေသခံလူငယ်တစ်ဦးက ပြောသည်။

“သူတို့ကဘော်တွင်းသတ္တုမှာတွေ အောက်ပိုင်းတွေမှာအများကြီးလုပ်တာတဲ့။ တောင်နှစ်တောင်ကိုတော့ အစိတ်စိတ်တူးထားပြီ အောက်ခြေအထိခွဲထားပြီ။ သူတို့ကနေ့တိုင်း ဒေသခံတွေရဲ့လယ်မြေခြံတွေကို လိုက်ကြည့်နေတာ။ ပတ်သွားနေတော့ လိုက်သိမ်းလာမလားလို့စိုးရိမ်လာတာပေါ့။ အဓိက သတ္တုမတူးပေးဖို့ မဟုတ်ရင်နောက်ဆိုရေတောင်သောက်လို့ရတော့မှာမဟုတ်ဘူး။ လယ်ယာတွေ ကျွဲ၊ နွားမွေးမြူလို့လည်း ရတော့မှာမဟုတ်ဘူး” ဟုပြောသည်။

အဆိုပါလုပ်ကွက်တွင် တရုတ်လူမျိုးဆယ်ဦးခန့်ရှိပြီး ဘက်ဟိုးနှစ်စီး၊ တဲငါးလုံးနှင့် ကျောက်တုံးများကို ဆာလာအိမ်များဖြင့်ထည့်ကာ တရုတ်စာရေးသားထားသည့် အိတ် ၁၀၀ ကျော်တွေ့ရကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံများထံက သိရသည်။

ဒေသခံပြည်သူများက လုပ်ကွက်အတွင်း သွားရောက်ကန့်ကွက်ချိန် မြေရှားသတ္တုတူးဖော်ခြင်းမဟုတ်ဘဲ သံသတ္တုရိုင်းတူးဖော်ခြင်းဖြစ်သည်ဟု ပြန်ပြောခဲ့ကြောင်း လူငယ်အမျိုးသားတစ်ဦးကပြောသည်။

“သူတို့လုပ်နေတာက ချီဖွေ၊ ပန်ဝါဘက်ကသတ္တုလုပ်တာနဲ့တော့မတူဘူး။ ဒီမှာက ကျောက်ခဲကိုထုတ်တာ။ အဲ့မှာလုပ်နေတဲ့ ဘူမိဗေဒပညာရှင်လို့ပြောတဲ့ တရုတ်တွေကကျောက် ၁၃ မျိုးရှိတယ်တဲ့ ကျောက်တစ်မျိုးကို ဓာတ်ခွဲလိုက်ရင် ရွှေ၊ ငွေ၊ သံ၊ ခဲ ခုနှစ်မျိုးလောက်ထွက်တယ်လို့ပြောတယ်။ ကျောက်ခဲကိုက စက်နှင့်ကြိတ်ပြီး ယူရတာတဲ့” ဟုပြောသည်။

သတ္တုတူးဖော်သည့်လုပ်ငန်းကို ဦးမန်ရှန်တိန့်ယိန်း၏ DENKO ကုမ္ပဏီပိုင်ဆိုင်သော မြေဧက ၆၀ တွင် မန်နေဂျာ ဦးကရန်တန်ဂျီဆိုသူ ဦးဆောင်ကာ ဘက်ဟိုးနှစ်စီးဖြင့် တူးဖော်နေခြင်းဖြစ်ပြီး ဒေသခံများကန့်ကွက်သော်လည်း အဆိုပါမြေနေရာတွင် ဆက်လက်တူးဖော်မည်ဟုပြောကြောင်း အသက် ၅၀ ကျော်ခန့်အရွယ်ရှိ တောင်ယာလုပ်ကိုင်သည့် ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“ရွာက ဘာသာရေးဆရာတွေ၊ လူကြီးတွေအားလုံးနဲ့ ပြောတာဟုတ်တယ်။ အဲ့အချိန်လည်း ရပ်ပေးဖို့ အရမ်းတောင်းဆိုပြီ၊ မရပ်ဘူး။ သူတို့ကဘာပဲဖြစ်ဖြစ်သူတို့နေရာမှာလုပ်မယ်တဲ့ တွင်းကြီးတွေတူးပြီး ဆေးတောင်ထည့်ထားပြီတဲ့။ အဲ့မှာကထွက်သမျှအားလုံးယူမှာ။ မြေနေရာက အဆင့်ဆင့်ရောင်းစားလာတာ” ဟုပြောသည်။

သံသတ္တုရိုင်းတူးဖော်နေသူများက ဝယ်ယူထားသောမြေတွင်သာမကဘဲ ဒေသခံပြည်သူများ၏ လယ်မြေများတွင်လည်း စမ်းသပ်တူးဖော်မှုများပြုလုပ်နေသောကြောင့် ဒေသအတွင်း အဆိုပါလုပ်ငန်း နှစ်ရှည်ကြာစွာ ဆက်လက်လုပ်ကိုင်ပါက ဒေသခံပြည်သူတို့၏ ဥယျာဉ်ခြံမြေများ ဆုံးရှုံးသွားမည်ကို စိုးရိမ်နေကြ သူကဆက်ပြောသည်။

“မြေဧက ၆၀ ကိုတူးမှာဟုတ်တယ်တဲ့။ ဒါပေမဲ့ အခုတောင်ဒေသခံတွေမသိဘဲနဲ့ စိုက်ပျိုးရေးခြံ၊ လယ်ယာမြေတွေကို ဘယ်သူ့ရဲ့ခွင့်ပြုချက်လည်းမတောင်းဘဲနဲ့ သူတို့လိုက်စမ်းသပ်နေတာဟုတ်တယ်။ တရုတ်တွေနဲ့ ပန်ဝါဘက်က မြေတူးနဲ့ဟာမျိုးနဲ့ တစ်ပေလောက်နက်တာကိုလိုက်တူးတယ်။ အိတ်မှာပြန်ထည့် အဲ့လိုမျိုးလုပ်ပြီး လိုက်စမ်းသပ်နေတာဟုတ်တယ်” ဟုပြောသည်။

လုပ်ကွက်ရပ်နားထားသည့် ယခုရပ်ပိုင်းအတွင်း ဒေသခံပြည်သူများထံ ဝိုင်းမော်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မိုင်းနားကျေးရွာရှိ စခန်းမှူးဆိုသူက ဖုန်းဖြင့်ဆက်သွယ်ကာ မည်သူ့အမိန့်ကြောင့် သတ္တုတူးဖော်မှုကိုရပ်ခိုင်းရသနည်းဟု မေးမြန်းနေကြောင်း ဒေသခံများထံမှ သိရသည်။

လဘာန်ကျေးရွာသည် ဝိုင်းမော်မြို့မှ ၁၀ မိုင်ခန့်အကွာတွင်တည်ရှိပြီး အိမ်ထောင်စု ၃၀၀ ကျော် လူဦးရေ ၂၀၀၀ ခန့် နေထိုင်ကာ ဒေသခံပြည်သူများက စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အသက်မွေးဝမ်းကျောင်းအဖြစ် အဓိကထား လုပ်ကိုင်ကြသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းရွှေအပါအဝင် သယံဇာတတူးဖော်ခွင့်ကို တရားဝင်ချထားပေးခြင်း တစ်ခုမှမရှိကြောင်း စစ်ကောင်စီ၏ ကချင်ပြည်နယ်ဆိုင်ရာပြောရေးဆိုခွင့်ရှိသူ ဦးဝင်းရဲထွန်းက မီဒီယာများထံ အကြိမ်ကြိမ်ပြောကြားထားသည်။

သတင်း – Doi Awng

ဓါတ်ပုံ –   ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ