ကားနှင့်ဆိုင်ကယ် ယာဉ်တိုက်မှုကြောင့် ယနေ့ မွန်းလွှဲ ၃ နာရီခွဲအချိန်ခန့်က မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်တွင် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တပ်ကုန်းရပ်ကွက်ရှိ နှစ်ခြင်း(မူရင်း)ဘုရားကျောင်းအနီး အရှေ့မှသွားနေသောကားကို ဆိုင်ကယ်ကဝင်တိုက်ခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မြစ်ကြီးနား) မှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ကားကနောက်မှာနည်းနည်းပွန်းသွားတာလောက်ပဲရှိတယ်။ ဆိုင်ကယ်ကတော့ အရှေ့ပိုင်းပျက်စီးသွားပြီ။ ဆိုင်ကယ်မောင်းတဲ့အမျိုးသားက ခါးမှာလည်း ပွန်းထားတယ်။ မေးစေ့မှာလည်း သွေးထွက်နေတယ်၊ လုံးဝသတိမရဘူး” ဟုပြောသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူမှာ အသက် ၂၃ နှစ်ခန့်အရွယ်ရှိ မောင်အင်ဖရော်လရိန်ဆိုသူဖြစ်ပြီး မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးတွင် ခွဲစိတ်ကုသမှုခံယူနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်တွင် သုံးဘီးဆိုင်ကယ်နှင့် ဆိုင်ကယ်ယာဥ်တိုက်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းနင်သူ လည်ပင်းပြတ်ရှ၊ ရင်ဘတ်ပွန်းပဲ့၊ လက်ကောက်နှင့် ခြေထောက်နှစ်ဖက်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သတင်း – Doi Awng

ဓါတ်ပုံ – မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မြစ်ကြီးနား)

သင့်ထင်မြင်ချက်ရေးပေးပါ