ဆေးလွန်ကာ သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ဝိုင်းမော်မြို့နယ် နန့်ဝါကျေးရွာတွင် ယနေ့နံနက် ၉ နာရီခန့်က ‌တွေ့ရှိခဲ့ကြောင်း သိရသည်။

နန့်ဝါကျေးရွာအနောက်ဘက်ရှိ လယ်ကွက်တွင် အမျိုးသားတစ်ဦး သေဆုံးနေသည့်ရုပ်အလောင်း‌နှင့် ဆေးထိုးအပ်ကိုတွေ့ရှိခဲ့သည်ဟု မွန်မြတ်စေတနာလူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“အဲ့တာကရှော့ခ်ဖြစ်တာပါ။ အလောင်းကြည့်ရတာတော့ သုံးရက်လောက်တော့ရှိပြီဗျာ။ လက်မှာဆေးထိုးအပ်ကိုင်ထားတယ်။ ဝိုင်းမော်ဆေးရုံကိုပို့ပေးပြီး မိသားစုဝင်တွေနဲ့ပြန်တွေ့တော့ နေအိမ်ကိုအလောင်းပြန်ပို့ပေးခဲ့ပြီ” ဟုပြောသည်။

 

သေဆုံးခဲ့သူမှာ အသက် ၂၂ နှစ်ခန့်အရွယ်ရှိ မောင်ဘရန်နန်ဆိုသူဖြစ်ပြီး ဝါရှောင်‌ကျေးရွာအုပ်စု ဝေဘာကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ရွှေညောင်ပင်ရပ်ကွက်တွင် ပြီးခဲ့သည့် မတ်လ ၂၂ ရက်ကလည်း အမျိုးသားတစ်ဦး ဆေးလွန်ကာ သေဆုံးသည့် ရုပ်အလောင်းတွေ့ရှိခဲ့သည်။

ဧပြီလ ၁၈ ရက်နေ့က ရမ်ပူရပ်ကွက်နယ်မြေ ၁၈ လမ်းကြားတွင်လည်း အမျိုးသားတစ်ဦးသေဆုံးနေကာ ဘေးတွင်ဆေးထိုးအပ်အများအပြားရှိနေကြောင်း သိရသည်။

သတင်း – Doi Awng

ဓါတ်ပုံ –   မွန်မြတ်စေတနာလူမှုကူညီရေးအသင်း

သင့်ထင်မြင်ချက်ရေးပေးပါ