စစ်ကောင်စီတပ်နှင့် ကရင်နီတပ်ပေါင်းစုတို့ကြား ၁၀ ရက်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ဗိုလ်တစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ထက်မနည်းသေဆုံးကာ လက်နက်ကြီးလက်နက်ငယ်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း ခေါင်းအိကျေးရွာနှင့် စက်တော်ကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသော တပ်မ (၆၆) လက်အောက်ခံ စစ်ကောင်စီစစ်ကြောင်းကို ကရင်နီတပ်ပေါင်းစုက ဇွန်လ ၃ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မိုးဗြဲမြို့ ပြည်သူ့ကာကွယ်ရေးတပ် (MB PDF) တပ်ရင်း ၂ ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက The 74 Media ကိုပြောသည်။

“ဒီဘက် စစ်ကြောင်းထိုးလာတာကလေ တော်တော်ကြာပြီ။ တိုက်ပွဲအတွင်း စစ်ကောင်စီ သေဆုံးမှုကတော့ ဗိုလ်ကြီးတစ်ယောက်ရယ် တခြားတပ်သားတွေပေါ့နော်။ တိုက်ပွဲတွေအတွင်းမှာ လက်နက်ကြီးတွေ အလွန်အကျွံသုံးတယ်။ ကျွန်တော်တို့ရဲဘော်တွေ ဒဏ်ရာရတာကလည်း တော်တော်များတယ် ရဲဘော် ကျသွားတာလည်းရှိတယ်” ဟုပြောသည်။

တိုက်ပွဲအတွင်း မိုးဗြဲမြို့ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း (၂) မှ လက်ဖြောင့်တပ်သား နာတားလယ်နှင့် ရဲဘော် မောင်ဂျော်နိုင်ဆိုသူတို့ ကျဆုံးခဲ့ပြီး ရဲဘော်ရှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသူကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ထံမှ တိုက်ပွဲအတွင်း သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများတွင် MA-2 သေနတ်တစ်လက်နှင့် MA – 3 သေနတ်တစ်လက်လည်း ပါဝင်ကြောင်း သိရသည်။

ဖယ်ခုံအခြေစိုက် စစ်ကောင်စီတပ်၏ စစ်ဆေးရေးကွပ်ကဲမှုဌာနချုပ် စကခ (၇) နှင့် ခြေမြန်တပ်ရင်း ခမရ (၃၃၆) တပ်က တိုက်ပွဲဖြစ်ပွားနေသည့် ခေါင်အိကျေးရွာတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။

“လက်နက်ကြီးတွေကတော့ နေ့တိုင်းမကြားချင်ရင်တောင်မှကြားနေရတာ အလုံးမရေနိုင်အောင်ကို ပစ်တာလေ။ တိုက်ပွဲဖြစ်တဲ့ မနက်ကနေညအထိကို ပစ်ကြတာ။ လေယာဉ်နဲ့ရော ခေါင်းအိစက်တော်ဘက်ကို နှစ်ခေါက်၊ သုံးခေါက်လာပစ်သွားတာ” ဟုပြောသည်။

ခေါင်းအိကျေးရွာနှင့် စက်တော်ကျေးရွာသည် ဖယ်ခုံမြို့ အနောက်ဘက် မြို့နှင့်နှစ်မိုင်ခန့်အကွာတွင် တည်ရှိသည်။

ဖယ်ခုံမြို့နယ်တွင် ဇွန်လအစောပိုင်းမှစတင်ကာ တိုက်ပွဲများပြင်းထန်းစွာဖြစ်ပွားနေပြီး ဇွန်လ ၄ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ဒေသခံအမျိုးသားတစ်ဦးကိုပစ်ခတ်သတ်ဖြတ်ခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့ကလည်း ကရင်နီပြည်နယ်နှင့် ထိုင်းနယ်စပ် မယ်စဲ့မြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းတစ်ခုနှင့် ရဲစခန်းတစ်ခုကို ကရင်နီပူးပေါင်းတပ်တို့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

သတင်း – Madi

ပုံ – PDF Pekhon

သင့်ထင်မြင်ချက်ရေးပေးပါ