စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြောင်မြို့နယ်ရှိ နာရေးအိမ်ကို ဝင်ရောက်စီးနင်းပြီး ယနေ့ နံနက် ၆ နာရီခန့်က ပြည်သူတစ်ဦးကို ပစ်သတ်သွားကြောင်း သိရသည်။
ကျောက်ရစ်စခန်းမှ ထွက်လာသော အင်အား ၅၀ ခန့်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းက နနွင်းကုန်းကျေးရွာရှိ နာရေးအိမ်ကို ဝင်ရောက်စီးနင်းချိန် သေနတ်ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ထွက်ပြေးသည်ပြည်သူတစ်ဦး သေနတ်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု CDSOM ၏ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“နနွင်းကိုင်းရွာက နာရေးရှိတာပေါ့ဗျာ။ နာရေးရှိတော့ အဲ့အိမ်မှာ ဖဲရိုက်နေကြတာ။ အဲ့ဒီမှာ (စစ်ကောင်စီ)တွေ ဝင်လာတာလဲမြင်ရော ပြေးကြတာ သူတို့လိုက်ပစ်တာပေါ့။ အဲ့ဒီမှာ မှန်သွားတဲ့ချိန်မှာ နောက်ထပ် ထပ်ပြီးတော့ ခေါင်းမှာတေ့ပြီး ပစ်သတ်သွားတာပေါ့” ဟုပြောသည်။

နာရေးအိမ်ဝင်ရောက်စီးနင်းခံရချိန်တွင် ဒေသခံပြည်သူလေးဦးဖမ်းဆီးခံခဲ့ရပြီး သေဆုံးသူ နနွင်းကိုင်းကျေးရွာဒေသခံ အသက် ၃၀ ကျော်ခန့်အရွယ်ရှိ ကိုသိန်းကျော်၏ ရုပ်အလောင်းကို မီးသင်္ဂြိုဟ်ခိုင်းခဲ့ကြောင်း CDSOM ၏ သင်တန်းမှူးနှင့် စီမံခန့်ခွဲရေးတာဝန်ခံတစ်ဦးကပြောသည်။

“သေတဲ့အလောင်းကို ရွာအပြင်အရှေ့ဘက်ထုတ်ပြီးတော့ မီးရှို့လိုက်လို့ပြောတော့ ကျန်တဲ့ ရွာသားတွေက ရွာအရှေ့ဘက်တော့မလုပ်ပါနဲ့ ရွာတောင်ဘက်တော့ ရှို့လိုက်ပါ့မယ်ဆိုပြီး စောင်နဲ့ပတ်ပြီးတော့ လေးယောက်မပြီးတော့ ရွာတောင်ကို ထွက်ပြီးတော့ မီးရှို့ခိုင်းလိုက်တယ်” ဟုပြောသည်။

နနွင်းကိုင်းရွာအတွင်းမှ ဒေသခံပြည်သူတစ်ဦးလည်း စစ်ကြောင်းနှင့်အတူဖမ်းဆီးခံခဲ့ရပြီး နာရေးအိမ်ဝင်ရောက်စီးနင်းခံရပြီးနောက် ပြန်လည်လွတ်မြောက်လာကြောင်းသိရသည်။

မြောင်မြို့နယ် ချောင်းဇင်းကျေးရွာတွင် မတ်လ ၁၅ ရက်နေ့ကလည်း စစ်ကောင်စီစစ်ကြောင်းက နွားကျောင်းနေသည့် တောင်သူလင်မယားနှစ်ဦးကို ပစ်သတ်ခဲ့သည်။

စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ ကျေးရွာအုပ်စုပေါင်း ၄၈ စုရှိပြီး လူဦးရေ တစ်သိန်းကျော်ခန့် နေထိုင်သည်။

သတင်း – Nan Non

သင့်ထင်မြင်ချက်ရေးပေးပါ