ကချင်လွတ်မြောက်ရေးတပ် (KIA) ၏ ရှေ့တန်းကင်းစခန်းတစ်ခုတွင် KIA တပ်ဖွဲ့ဝင်တစ်ဦးကို သတ်ဖြတ်ပြီးနှင့် ဇနီးဖြစ်သူကိုအဓမ္မပြုကျင့်မှုသတ်ဖြတ်မှုတစ်ခု ဇွန်လ ၁၁ ရက်နေ့ညက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၊ ကေအိုင်အေ တပ်မဟာ (၈)၊ တပ်ရင်း ၄၁ နယ်မြေရှိ ဆေးကုသသည့် ကင်းစခန်းတွင် KIA တပ်ဖွဲ့ဝင်အမျိုးသားကို ဦးခေါင်းတွင် ပုဆိန်ဖြင့်ခုတ်ကာ ဇနီးဖြစ်သူကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု သွားရောက်သင်္ဂြိုဟ်ရာတွင် ပါဝင်ခဲ့သူက The 74 Media ကိုပြောသည်။

“အသတ်ခံရတဲ့ အမျိုးသားကို ရိုက်ထားတဲ့ပုဆိန်ကို ထမင်းစားတဲ့ စားပွဲနားမှာ သွားတွေ့တယ်။ ဒဏ်ရာကလည်း နောက်စေ့မှာ ဦးနှောက်တွေ ပွင့်ထွက်နေတာ၊ လည်ပင်းမှာလည်း မသေမချင်း ကြိုးနဲ့ချည်တဲ့ ဒဏ်ရာနဲ့သေတာ။ ဇနီးဖြစ်တဲ့သူကျတော့ မီးဖိုချောင်မှာ ခေါင်းမှာပြာမှုန့်တွေတွေ့တယ်။ နံရိုးမှာ ဓားနဲ့ထိုးထားတယ်၊ နို့ကိုလည်း ဓားနဲ့ လှီးထားတာပြီး ကိုယ်တုံးလုံးနဲ့ မသေမချင်း မုဒိမ်းကျင့်ပြီး သတ်ထားတယ်ဆိုတာ တွေ့ရတယ်” ဟု သူက ပြောသည်။

အဆိုပါဆေးကုသသည့် ကင်းစခန်းအနီး သစ်လုပ်ကွက်များနှင့် ရွှေမှော်များရှိပြီး တာဝန်ကျသော ဆေးဆရာဖြစ်သူ ခရီးသွားနေချိန် လာရောက်စောင့်ပေးသည့် လင်မယားသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်ဟု အသက် ၄၀ နှစ်ခန့်အရွယ်ရှိ ဟိုပင်မြို့နေ အမျိုုးသားတစ်ဦးက ပြောသည်။

“အဲ့ဒီမှာက သစ်လုပ်ကွက်တွေ ရွှေမှော်တွေလည်း ရှိတယ်လေ။ ဆေးဆရာက ခွင့်ရက်နဲ့ ခဏခရီးသွားတဲ့အချိန် KIA တပ်ဖွဲ့ဝင်တစ်ယောက်ကို ခေါ်ပြီး စောင့်ထားခိုင်းတာ။ သူကလည်း လစာလည်း ထုတ်ထားတာဆို သူ့ဇနီးကိုလည်း လစာလာယူရင်းနဲ့ လာခဲ့ပါ၊ ပိုစ့်စောင့်ရင်း ထမင်းချက်ဖို့ ခေါ်လိုက်တာ အတူရှိနေတဲ့အချိန် ဖြစ်သွားတာ” ဟုပြောသည်။

သတ်ဖြတ်ခံခဲ့ရသည့် ဇနီးမောင်နှံမှာ ဟိုပင်မြို့၊ စက်ကုန်းရပ်ကွက်တွင်နေထိုင်သည့် အသက် ၃၅ နှစ်ခန့်အရွယ်ရှိ ဦးမဒိန်ခေါယောနှင့် အသက် ၃၄ နှစ်ခန့်အရွယ်ရှိ ဒေါ်မခေါ်ကော့ဖန် ဆိုသူတို့ဖြစ်ပြီး ရုပ်အလာင်းကို ဇွန်လ ၁၃ ရက်နေ့က မြေမြုပ်သင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်းသိရသည်။

အခင်းမဖြစ်ပွားမီ အဆိုပါနေရာတွင် သစ်ကားမောင်းသူ၊ ကားပြုပြင်သူ အမျိုးသားလေးဦးနှင့် KIA တပ်ဖွဲ့ဝင် ဇနီးမောင်နှံတို့ အတူနေထိုင်ရာမှ အမျိုးသားသုံးဦး ဇွန် လ ၁၁ ရက်နေ့က ဟိုပင်မြို့သို့သွားချိန် အသက် ၄၄ နှစ်ခန့် အရွယ်ရှိ ဦးကျော်ထွန်းဦးဆိုသူက ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၁၃ ရက်နေ့က ကေအိုင်အေ တပ်မဟာ (၈) ၏ တာဝန်ရှိသူများက အခင်းဖြစ်ပွားရာနေရာသို့ လာရောက်စစ်ဆေးချိန်တွင်လည်း ဦးကျော်ထွန်းဦးဆိုသူက ပြစ်မှုကျူးလွန်ခဲ့သည်ဟု ဝန်ခံခဲ့ပြီး သတ်ဖြတ်ခံခဲ့ရသူနှစ်ဦးနှင့် ပတ်သက်ပြီး တရားမျှတမှုရှိရှိဖြင့် ဥပဒေနှင့် ဆောင်ရွက်ပေးစေလိုကြောင်း ဟိုပင်မြို့ ဒေသခံများထံက သိရသည်။

သတင်း – Pan Soon, HN

ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ