တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ယမန်နေ့ည ၉ နာရီခန့်က စစ်ရှောင်ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ရှောင်များနေထိုင်သည့်နေရာသို့ လက်နက်ကြီး အချက် ၂၀ ထက်မနည်း ပစ်ခတ်ခဲ့ပြီးနောက် ယနေ့နံနက် ၂ နာရီခန့်က လေယာဉ်တစ်စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်သွားခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူ စစ်ရှောင်အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“မနေ့ညက လက်နက်ကြီးတွေ အဆမတန်ပစ်တယ် အများကြီးပဲ။ မိုးကလည်းရွာ လက်နက်သံလား မိုးချိန်းသံလား မသိဘူးလေ။ ပထမဦးဆုံးပစ်လိုက်တာ လက်နက်ကြီးကို မသိလိုက်လို့ မရှောင်လိုက်နိုင်လို့ စစ်ရှောင် နှစ်ယောက် ဒဏ်ရာရသွားတယ် လင်မယားနှစ်ယောက်ပေါ့နော်။ ဒဏ်ရာတွေကတော့ မစိုးရိမ်ရဘူးပြောတယ်” ဟုပြောသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူနှစ်ဦးမှာ အသက် ၃၀ ကျော်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိရသည်။

ဖယ်ခုံမြို့နယ် မိုးဗြဲမြို့အနောက်ဘက်ခြမ်း၊ ဖားဆောင်းမြို့နယ် သံလွင်အရှေ့ခြမ်းနှင့် မယ်စဲ့မြို့နယ်ရှိ တိုက်ပွဲဖြစ်ပွာခြင်းမရှိသော ကျေးရွာများကိုလည်း ယမန်နေ့က စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများနှင့် ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ထူထောင်သူတစ်ဦးက ပြောသည်။

“တစ်ရက်တည်း တိုက်ပွဲဖြစ်တာမရှိတဲ့ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်သလို လေယာဉ်နဲ့ ဗုံးကြဲတာမျိုးတွေ လုပ်သွားတယ်။ လောလောဆယ်အထိ ထိခိုက်ဒဏ်ရာရရှိတဲ့သူ နှစ်ယောက်ပဲ အတည်ပြုနိုင်သေးတယ်။ နေအိမ်ပျက်စီးဆုံးရှုံးမှုအခြေအနေ အတိအကျကိုလည်း မသိရှိရသေးဘူးပေါ့်နော်။ မနေ့ကဆိုရင် မိုးဗြဲမြို့အနောက်ဘက်ခြမ်းတကျောကို လက်နက်ကြီးတွေ အတွဲလိုက်ပစ်သွားတယ်” ဟုပြောသည်။

စစ်ကောင်စီထိန်းချုပ်နယ်မြေမဟုတ်သော ကျေးရွာများနှင့် စစ်ကောင်စီစစ်ကြောင်းဝင်ရောက်မည့် ကျေးရွာများကို ယခုကဲ့သို့ အစဉ်အမြဲ စစ်ကြောင်းမဝင်ရောက်မီ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်လေ့ရှိကြောင်း သူကပြောသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စစ်ရှောင်စခန်းရှိ နေအိမ်ပျက်စီးမှုများရှိခဲ့သော်လည်း အသေးစိတ်အချက်အလက်ကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

လက်ရှိအချိန်တွင်လည်း မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်နှင့် ကရင်နီတပ်ပေါင်းစုတို့ကြား တိုက်ပွဲအခြေအနေ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့မှ ဇွန်လ ၁၂ ရက်နေ့အထိဖြစ်ပွားခဲ့သော မိုးဗြဲမြို့ တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်၏ ပစ်ခတ်သတ်ဖြတ်မှုနှင့် စစ်ကောင်စီက ရမ်းသမ်းပစ်ခတ်သော လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးသူ ဒေသခံ ပြည်သူ ၂၀ ဦးခန့် ရှိခဲ့သည်။

ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကရင်နီပူးပေါင်းတပ်များအကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဗိုလ်တစ်ဦးအပါအဝင် ၂၀ ထက်မနည်းသေဆုံးခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကျဆုံးကြောင်း သိရသည်။

သတင်း – Ma Di

ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ