ဖားကန့်မြို့ လုံးခင်းကျေးရွာတွင် တစ်ညအတွင်း အိမ်သုံးအိမ် ဖောက်ခံရပြီး ကျောက်စိမ်းနှင့် ဆိုင်ကယ်ရှစ်စီးခိုးယူခံခဲ့ရကြောင်း သိရသည်။

လုံးခင်းကျေးရွာ ရပ်ကွက် (၂) ရှိ နေအိမ်တစ်အိမ်ကို ဇွန်လ ၁၃ ရက်နေ့ညက ခြံတံခါးသော့ဖျက်ဆီးကာ ဆိုင်ကယ်တစ်စီးနှင့် ကျောက်များ ခိုးယူသွားခြင်းဖြစ်သည်ဟု အိမ်သားတစ်ဦးက The 74 Media ကိုပြောသည်။

“မိုးကြိုးတွေအရမ်းပစ်နေတော့ စောစောအိပ်သွားတာ ဆိုင်ကယ်ကိုလည်း သော့တွေသေချာခတ်ပြီး တံခါလည်း ခတ်ခဲ့တယ်။ မနက်ကြတော့ သော့ပွင့်ရက်ကြီး အကုန်ခိုးခံလိုက်ရတယ် ဘယ်နှစ်ယောက်လာပြီး ခိုလည်းမသိဘူး” ဟုပြောသည်။

အဆိုပါရပ်ကွက်ရှိ အခြားနေအိမ်တစ်ခုတွင်လည်း ကျောက်စိမ်းနှင့် ဆိုင်ကယ်နှစ်စီးခိုးခံခဲ့ရကြောင်း ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“လောပန်း(သူဌေး) အိမ်ဖောက်ခံလိုက်ရတယ် အိမ်စောင့်နှစ်ယောက်ထားခဲ့တယ်။ လောပမ်းက မန္တလေးဆင်းသွားတာ။ ဆိုင်ကယ်နှစ်စီးနဲ့ ကျောက်တွေပါသွားတယ် အရမ်းအကောင်းကြီးထဲကတော့မဟုတ်ဘူး ကျောက်က” ဟုပြောသည်။

မိုးအလွန်ရွာသောအချိန်ကို အခွင့်ကောင်းယူကာ ခိုးယူသွားခြင်းဖြစ်ပြီး လုံးခင်းကျေးရွာ ရပ်ကွက် (၄) မှ နေအိမ်တစ်အိမ်တွင်လည်း ဆိုင်ကယ်ငါးစီး ခိုးခံခဲ့ရကြောင်း အဆိုပါအိမ်တွင်နေထိုင်သူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့အိမ်က ငါးစီး ကျန်ဆိုင်ကယ်တွေသော့ဖျက်မရလို့ ကျန်နေခဲ့တာ။ တခြားနေရာကလည်း နှစ်စီး၊ သုံးစီးပါကြတယ်လို့ပြောတယ်။ မိုးရွာကောင်းတဲ့ဆိုတော့ တချို့ခိုးခံရတဲ့အိမ်ဆို ပိုင်ရှင်တွေ့သွားရင်တောင် ပိုင်ရှင်ကို ရိုက်နက်ပြီးထွက်ပြေးသွားသေး။ ခိုးတာကို ထိုင်ကြည့်နေရမလိုဖြစ်နေပြီ တိုင်စရာနေရာမှမရှိတာ” ဟုပြောသည်။

ဆိပ်မူကျေးရွာနှင့် မှော်ရှန်ကျေးရွာကြား လမ်းဘေးတစ်နေရာမှ လျှပ်စစ် Transformer ရှိ မီးကြိုးများလည်း ခိုးခံခဲ့ရကြောင်း အသက် ၅၆ နှစ်ခန့်အရွယ်ရှိ ဆိပ်မူကျေးရွာဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

“ဖိုးသမားတွေဖြုတ်သွားတာ မီးမလာတုန်း ခိုးဖြုတ်သွားတာ။ တော်တော်သောင်းကျန်းလာကြပြီး ဖြုတ်နေတုန်း မီးလာလို့ဓာတ်လိုက်ပြီးသေမှာလည်း သူတို့မကြောက်ဘူး။ အခုခိုးခံရတာက အထဲမိန်းခုံနဲ့ ဆက်ထားတဲ့ကြိုးတွေ” ဟုပြောသည်။

ယခုရက်ပိုင်းအတွင်း ဖားကန့်မြို့နယ်တွင် ခိုးဆိုးလုယက်မှုများ မကြာခဏဖြစ်ပေါ်နေပြီး ဇွန်လ ၁၃ ရက်နေ့ကလည်း ဥရုရတနာကျောက်စိမ်းတောင်တံတားအနီးရှိ မြို့မလက်ဖက်ရည်ဆိုင်ပိုင်ရှင်ကို အမည်မသိလက်နက်ကိုင်အဖွဲ့က ပြန်ပေးဆွဲသွားခဲ့ပြီး ရွှေ ၁၀ ကျပ်သားနှင့် ငွေကျပ်သိန်း ၃၀၀ ဖြင့် လာရောက်ရွေးယူခိုင်းခဲ့သည်။

ဖားကန့်တွင် ၂၀၂၃ ခုနှစ်အတွင်း ဓားပြမှု၊ လုယက်သတ်ဖြတ်မှုများ မကြာခဏဖြစ်ပွားနေပြီး ဇွန်လ ၄ ရက်နေ့တွင် နေအိမ်တစ်လုံးဓားပြတိုက်ခံရကာ မေလ ၃၁ ရက်နေ့ကလည်း တည်းခိုခန်းပိုင်ရှင်တစ်ဦးလုယက်သတ်ဖြတ်ခံခဲ့ရသည်။

ထို့အပြင်လုပ်ကြံသတ်ဖြတ်ခံရသည့် ရုပ်အလောင်းများနှင့် ပိုင်ရှင်မဲ့ရုပ်အလောင်းများကို မကြာခဏတွေ့ရတတ်ပြီး ဇွန်လ ၇ ရက်နေ့ကလည်း ဆိပ်မူကျေးရွာနှင့် ဖားပြင်ကျေးရွာသို့သွားသော လမ်းတို့တွင် ရိုက်နက်သတ်ဖြတ်ခံထားသည့် ရုပ်အလောင်းနှင့် ပုပ်ပွနေသည့် ရုပ်အလောင်းတို့ကို တွေ့ရှိခဲ့သည်။

သတင်း – SK, Nan Non

 

သင့်ထင်မြင်ချက်ရေးပေးပါ