ဖားကန့်မြို့ရှိ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ဦးကို ယမန်နေ့ညက အမည်မသိလက်နက်ကိုင်အဖွဲ့က ပြန်ပေးဆွဲသွားခဲ့ကြောင်းသိရသည်။

ဥရုရတနာကျောက်စိမ်းတောင်တံတားအနီးရှိ မြို့မလက်ဖက်ရည်ဆိုင်ပိုင်ရှင်ကို ရွှေ ၁၀ ကျပ်သားနှင့် ငွေကျပ်သိန်း ၃၀၀ ဖြင့် လာရောက်ရွေးယူခိုင်းသည်ဟု လက်ဖက်ရည်ဆိုင်အနီးတွင်နေထိုင်သည့် ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ပြန်ပေးဆွဲတယ်တဲ့ သူတို့က ရွှေနဲ့ ပိုက်ဆံနဲ့ လာရွေးဆိုပြီးမှ ပြောတယ်တဲ့။ ဘယ်သူတွေက ခေါ်သွားမှန်းကိုမသိတာ” ဟုပြောသည်။

ဖမ်းဆီးခံခဲ့ရသူမှာ အသက် ၅၀ ကျော်ခန့်အရွယ်ရှိ ဦးသိန်းလွင်ဆိုသူဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်းရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်ဟောင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဖားကန့်မြို့နယ် ကြံ့ခိုင်ရေး ဥက္ကဋ္ဌလို့တော့သိထားတယ်။ ဒုဥက္ကဋ္ဌလား ဘာလားတော့ မသိဘူး။ အဲ့လိုမျိုးဖမ်းပြီး ငွေလိမ်တာတွေကများတယ်။ ဟိုတစ်ခါကျောက်သွေးတောင် ဂေါပကလူကြီးလည်း အဲ့လိုဖြစ်သွာတာကြည့်လိုက်လေ” ဟုပြောသည်။

ဆိုင်းတောင်ကျေးရွာအုပ်စု ကျောက်သွေးတောင်ရှိ ခန္တီးရာမကျောင်းတိုက်ဂေါပက ဥက္ကဋ္ဌကိုလည်း မတ်လ ၁၈ ရက်နေ့က အမည်မသိလက်နက်ကိုင်အဖွဲ့က ကားဖြင့်ရောက်ရှိလာပြီး ဖမ်းဆီးသွားခြင်းဖြစ်သည်။

ဖားကန့်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ခိုးဆိုးလုယက်မှုများ မကြာခဏဖြစ်ပေါ်နေပြီး ဇွန်လ ၄ ရက်နေ့ကလည်း လုံးခင်းကျေးရွာရဲစခန်းအနီးရှိ နေအိမ်တစ်လုံးတွင်လည်း လုယက်မှုဖြစ်ပွားခဲ့ရာ အိမ်ရှင်အမျိုးသားကို မျက်စိကိုတိပ်ဖြင့်စည်းကာ လက်ပြန်ကြိုးချည်ထားခဲ့ပြီး ကားတစ်စီးနှင့် ငွေကျပ်သိန်း ၄၀ ခန့်ကို ယူသွားခဲ့သည်။

မေလ ၃၀ ရက်နေ့ကလည်း ဖားကန့်မြို့ဆိပ်မူကျေးရွာအုပ်စုရှိ သံယောဇဥ်နန်းတော် တည်းခိုးခန်းတွင် လုယက်မှုဖြစ်ပွားခဲ့ပြီး ပိုင်ရှင်အမျိုးသမီးသတ်ဖြတ်ခံခဲ့ရသည်။

ဆိပ်မူကျေးရွာ ရှမ်းကုန်းရပ်ကွက်တွင် မေလ ၂၈ ရက်နေ့ကလည်း ကျောက်စိမ်းပြမည်ဟု လိမ်လည်ကာ ကျောက်လုပ်ငန်းရှင်တစ်ဦးကို ဓားတိုများကိုင်ဆောင်ထားသည့် အမျိုးသားခြောက်ဦးက ဓားပြတိုက်တိုက်ပြီး ရွှေချောင်းနှင့် ကျောက်စိမ်းများယူသွားခဲ့သည်။

သတင်း – Nan Non

ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ