မိုးညှင်းမြို့နယ်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ရှိ အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့ ဇွန်လ ၁၉ ရက်နေ့၌ အလုပ်သင်ဆရာ၊ ဆရာမရာထူးအတွက် စာမေးပွဲဖြေဆိုကြသည်ဟု သိရသည်။

တက္ကသိုလ်မှ ဘွဲ့ရရှိပြီးသူများသာ ဖြေဆိုခွင့်ရရှိပြီး လာရောက်ဖြေဆိုသူ ၁၀၀ ခန့်ရှိသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“မ‌နေ့ကလည်းဖြေတယ်၊ ဒီနေ့ကတော့ နှုတ်ဖြေပြန်ဖြေကြတယ်။ မနေ့ကတော့ ရေးဖြေပေါ့။ နေ့စားခေါ်တာဆိုတော့ ဘွဲ့ရသူတွေပဲ လာဖြေလို့ရတာ။ မနက်ကတွေ့ခဲ့တာတော့နည်းတာမဟုတ်ဘူး ၁၀၀ လောက်တော့ရှိတယ်။ အများဆုံးတော့ ၂၀၀ ပေါ့” ဟု သူကပြောသည်။
မိုးညှင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ သင်ကြားရေးနှင့် စီမံဝန်ထမ်း (၉၁၄) ဦးကို မေလ ၁၂ ရက်နေ့က တာဝန်မှ ယာယီရပ်ဆိုင်းခဲ့သည့်နောက်ပိုင်း နေ့စား လပေး အလုပ်သင် ဆရာ၊ ဆရာမများ ခေါ်ယူမှုသည် ပထမဦးဆုံးအကြိမ်ဖြစ်သည်ဟု သူကဆက်ပြောသည်။
လာရောက်ဖြေဆိုသူဦးရေ ၁၀၀ ကျော်ခန့်သည် မိုးညှင်းမြို့နယ်အတွင်း နေထိုင်သူ အများဆုံးဖြစ်၍ စာမေးပွဲအောင်မြင်ပါက ခုနှစ်လပိုင်းတစ်ရက်နေ့အပြီး အလုပ်ခန့်မည်ဟု သိရသည်။

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် အခြေခံပညာကျောင်း စုစုပေါင်း ၁၉၅ ကျောင်းရှိပြီး ဆရာ၊ ဆရာမ စုစုပေါင်း ၂၀၉၇ ဦးရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ