မိုးဗြဲမြို့တွင် စစ်ကောင်စီက နေအိမ်များကို ဖောက်ထွင်းကာ မီးရှို့ဖျက်ဆီး

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့ မြို့မရပ်ကွက်အတွင်းရှိ နေအိမ်များကို ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မိုးဗြဲမြို့တွင် စစ်ကောင်စီက နေအိမ်များကို ဖောက်ထွင်းကာ မီးရှို့ဖျက်ဆီး

စစ်ကောင်စီတပ်များသည် နေအိမ်အတွင်းရှိ ပစ္စည်းများကို ယူဆောင်ပြီး နေအိမ်ကို မီးရှို့ဖျက်ဆီးသွားကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“သူတို့ (စကစ)တွေက အိမ်ကို ဖောက်တယ်။ လိုချင်တာတွေ အကုန်ယူတယ်။ ကျန်တဲ့ပစ္စည်းတွေ အကုန်ဖျက်ဆီးတယ်။ နောက်ဆုံး မီးရှို့တယ်။ မိုးဗြဲက မီးလောင်တာတွေ အကုန် အဲ့လိုပဲ” ဟု ပြောသည်။
နေအိမ်များ မီးရှို့မခံရမှီ စစ်ကောင်စီက လက်နက်ကြီးများ ပစ်ခတ်မှုများရှိကြောင်း သူက ဆက်ပြောသည်။
ထို့အပြင် မိုးဗြဲမြို့တွင် ယမန်နေ့ညပိုင်းကလည်း စစ်ကောင်စီတပ်က နေအိမ်များကို မီးရှို့ကာ ကုန်စုံဆိုင် တစ်ဆိုင်ရှိ ပစ္စည်းများကို ယူသွားကြောင်း နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။
“မိုးဗြဲမှာ စစ်ကောင်စီရဲ့လက်နက်ကိုင် အကြမ်းဖက်သမားတွေကဈေးဆိုင်တွေကို ပေါ်တင် ဖောက်ထွင်းပြီး ပစ္စည်းတွေ စိတ်ကြိုက်ယူသလို အနီးနားက ဒေသခံရဲ့ ထော်လာဂျီကိုပါ ခိုးပြီး အဲ့ပစ္စည်းအပြည့် ထော်လာဂျီနဲ့ တင်ပြီး မသွားတယ်။ နေအိမ်အချို့ကိုလည်း အကြောင်းမဲ့ မီးရှို့သွားတယ်”ဟု ဆိုသည်။
နှစ်ရက်တာအတွင်း စစ်ကောင်စီတပ်က နေအိမ်မည်မျှမီးရှို့သွားသည်ကိုတော့ The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
မိုးဗြဲမြို့တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြား တိုက်ပွဲပြင်းထန်လျက်ရှိပြီး စစ်ကောင်စီမှ မြို့တွင်း၌ တပ်စွဲထားသောကြောင့် ပြည်သူ အများစုမှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

Photo : CJ

သင့်ထင်မြင်ချက်ရေးပေးပါ