Breaking!!!

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မြို့ဦး ရပ်ကွက်တွင် နေထိုင်သူလူငယ်တစ်ဦးကိုသပိတ်တွင် ပါဝင်သည်ဟုစွပ်စွဲကာ ညနေ ၃နာရီ ခန့်လာရောက်ဖမ်းဆီးသော်လည်း နေအိမ်တွင်မတွေ့သဖြင့် မိခင်ဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

အသက် ၂၀ အရွယ် မောင်ဇင်လင်းထက်ကို သပိတ်တွင်ပါဝင်သည်ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များက စွပ်စွဲထားသည့်အပြင် လက်နက်၊ ကျည်၊ ကျည်ကာအင်္ကျီ တွေ့သည်ဟု သတင်းရသဖြင့် လာရောက်ဖမ်းဆီးရာ သားအားမတွေ့သဖြင့် အမေကို ရဲစခန်းသို့ ခေါ်သွားကြောင်း ဒေသခံတစ်ဦးက The 74 Mediaကို ပြောသည်။
“ သူ့ကို လက်နက်၊ ကျည် နဲ့ ကျည်ကာအင်္ကျီတွေ့တယ်ဆိုပြီး လာဖမ်းကြတာ စစ်ကောင်စီက ဂွင်ဆင်တာပေါ့ သူ့ကို ဒလံသတင်းပေးလို့ လာဖမ်းတာ သူ့ကို မတွေ့လို့ အမေဖြစ်သူကို မေးမြန်းစရာရှိတယ်လို့ ပြောဆိုပြီး စစ်ကောင်စီက ရဲစခန်းကို ခေါ်သွားတာ ပြန်မလွတ်လာသေးဘူး” လို့ ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မောင်ဇင်လင်းထက်အိမ်၏ နေအိမ်ပတ်ပတ်လည်တွင် ဝန်းရံနေရာယူထားပြီး အပြင်လူဝင်မလာစေနိုင်ရန် ပိတ်ဆို့ထားသည်ဟု သူက ဆက်ပြောသည်။
“အဲ့ကောင်လေးအိမ်ကို ညနေကတည်းက လာဝိုင်းထားကြတာ ဘယ်သူမှ အကပ်မခံဘူး” လို့ ပြောသည်။
မောင်ဇင်လင်းထက်ကို ဖမ်းဆီးရန် မိုးကောင်းမြို့နယ် မြို့ဦးရပ်ကွက်မှ ဥက္ကဋ္ဌ ဦးသိန်းဝင်းက သတင်းပေးခဲ့သည်ဟု ဒေသခံများက ပြောဆိုကြသော်လည်း The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

မိုးကောင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယမန်နေ့ည ၈ နာရီခန့်ကလည်း လွယ်လီယန်ရပ်ကွက်ရှိ ကားတစ်စီးကို သေနတ်ထောက်လုယူခဲ့ပြီး ယနေ့ မိုးညှင်းမြို့နယ်တွင် လိုက်လံရောင်းချနေသည်ဟု ဒေသတွင်းသတင်းမီဒီယာများတွင်ဖော်ပြထားသည်။

သင့်ထင်မြင်ချက်ရေးပေးပါ