လယ်မလုပ်ကိုင်

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် စစ်ကောင်စီတပ် နှင့်နီးသည့် စီဟတ်ကျေးရွာရှိ ဒေသခံပြည်သူများက လုံခြုံရေးကိုစိုးရိမ်သဖြင့် လယ်လုပ်ငန်းမလုပ်သေးကြောင်း သိရသည်။

မိုးမောက်မြို့နယ် စီဟတ်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်၏ ခမရ ၃၂၀ နှင့် ခမရ ၃၈၇တို့တပ်စွဲထားသည့် နေရာများနှင့်နီးစပ်သော ဒေသခံတောင်သူမည်သူမှ လယ်မလုပ်ကိုင်ရဲကြောင်း အမည်မဖော်လိုသူ စီဟတ်ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
” စစ်တပ်နဲ့ဝေးတဲ့လယ်တွေပဲလုပ်ကြတယ်။ အလုပ်ဆင်းတာလည်း ၄ အိမ်လောက်တော့ရှိမယ်ထင်တယ်။ ကျန်တဲ့သူတွေက တပ်နဲ့နီးတော့ ဘယ်သူမှမလုပ်ရဲကြသေးဘူး။ စစ်ကြောင်းကလည်း အရမ်းတက်လာတော့ ရွာထဲမှာ စစ်ပြန်ဖြစ်မှာစိုးရိမ်နေတာ။ အဲဒါကြောင့် ဘယ်သူမှ မစိုက်ရဲကြဘူး ” ဟုပြောသည်။
မိုးမောက်မြို့နယ်ရှိ လယ်ယာများတွင် တိုက်ပွဲဖြစ်ပွားချိန်က မပေါက်ကွဲသေးသည့် လက်နက်ကြီးများလည်းရှိသေးသဖြင့် ပေါက်ကွဲဒဏ်ရာရသေဆုံးမည်ကို စိုးရိမ်နေကြသည်ဟု သူက ဆက်ပြောသည်။
စီဟတ်ကျေးရွာပတ်ဝန်းကျင်ရှိ မြို့သစ်၊ မင်းကျမ်းနှင့် ကုန်းလောကျေးရွာများမှ ဒေသခံပြည်သူများအားလုံးသည် တိုက်ပွဲပြင်းထန်ခဲ့သည့် စစ်တပ်နှင့် မိုင်ခရိုဝေ့ကြားရှိ လယ်ကွင်းများ၌သာ စိုက်ပျိုးကြကြောင်း သူက ဆက်ပြောသည်။
ဧပြီလဆန်းပိုင်းမှစတင်ကာ မေလလယ်အထိ မိုးမောက်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကေအိုင်အေအဖွဲ့တို့ တိုက်ပွဲများပြင်းထန်ခဲ့သည်။
မိုးမောက်မြို့နယ်တွင် လူဦးရေ ၈၅၀၀၀ ကျော်နေထိုင်ပြီး ရှမ်းလူမျိုးနှင့် ကချင်လူမျိုးတို့ အများဆုံးနေထိုင်ကာ စိုက်ပျိုးမွေးမြူရေးနှင့် ငါးလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသည်။

– ၂၀၂၀ ခုနှစ်အတွင်း ဗန်းမော်မြို့နယ်တွင် ရိုက်ကူးထားသော ပုံဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ