ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီ၊ လီဆူပြည်သူ့စစ်ပူးပေါင်းတပ်တို့ကြား ဝိုင်းမော်မြို့နယ် ဆဒုံးမြို့အဝင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လီဆူပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အင်ဝမ်ကောင်ကျေးရွာနှင့် ဆဒုံးရေတံခွန်ကြားရှိ KIA တပ်ဖွဲ့၏ အခွန်ကောက်သည့်ဂိတ်အနီးတွင် ယမန်နေ့ နံနက် ၁၁ နာရီခန့်မှ ညနေ ၃ နာရီအထိ သေနတ်ပစ်ခတ်သံများ ကြားခဲ့ရသည်ဟု အင်ဝမ်ကောင်ဒေသခံ အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“ဖြစ်တာတော့ဟုတ်တယ် အသေးစိတ်တော့မသိရဘူး။ သေနတ်သံကြားရတယ်။ ကျွန်မတို့က အလကား သေနတ်ပစ်ဖောက်တာလားလို့ထင်တာ မေးကြည့်တော့ တိုက်ပွဲဖြစ်တာဟုတ်တယ်တဲ့။ အဲ့နေရာမှာ ကေအိုင်အေဂိတ်ရှိတယ် နယ်ခြားစောင့်ဂိတ်လည်းရှိတယ်” ဟုပြောသည်။

အင်အား ၃၀ ခန့်ပါရှိသည် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့က အဆိုပါဂိတ်ကို လာရောက်တိုက်ခိုက်ရာမှ KIA တပ်ရင်း ၃ နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့က သုံးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိနိုင်ကြောင်း KIA နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးကပြောသည်။

“သူတို့က ခြေကျင်နဲ့နှစ်ဖွဲ့ခွဲပြီး တက်လာတာ စခန်းတော့မဟုတ်ဘူး အခွန်ကောက်တဲ့ ဂိတ်ဟုတ်တယ်။ မနေ့ည မိုးချူပ်ချိန်မှာ မော်တော်ကားသုံးစီးခေါ်ပြီး သေဆုံးသူနှင် ဒဏ်ရာရသူတွေကို သယ်သွားတယ်လို့သိရတယ်” ဟုပြောသည်။

ယခုတိုက်ပွဲဖြစ်ပွားခဲ့သည့်ဂိတ်မှာ ဝိုင်းမော် – ဆဒုံးလမ်းမကြီးပေါ် ဝိုင်းမော်မြို့နှင့် မိုင် ၃၀ ခန့်အကွာ တည်ရှိပြီး ကားဖြင့် ၄၅ မိနစ်ခန့်ကြာ သွားရသည့်နေရာတွင် တည်ရှိသည်။

ထိခိုက်သေဆုံးသူ အရေအတွက်နှင့်ပတ်သက်ပြီး The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

ပြီးခဲ့သည့် မေလ ၈ ရက်နေ့က ဆဒုံးရေတံခွန်အနီးရှိ အကောက်ခွန်ဂိတ်တစ်ခုကို စစ်ကောင်စီတပ်နှင့် လီဆူပြည်သူ့စစ်ပူးပေါင်းတပ်တို့က သွားရောက်ပစ်ခတ်ရာ ဂိတ်တွင်ထိုက်နေသည့် အရပ်သားပြည်သူ နှစ်ဦးနှင့် ရေတံခွန်အနီး ဈေးရောင်းသည့် ပြည်သူတစ်ဦးတို့ ထိခိုက်သေဆုံးခဲ့ကြောင်းသိရသည်။

သတင်း – Doi Awng

 

သင့်ထင်မြင်ချက်ရေးပေးပါ