လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဝင်များကို လက်နက်အပ်ရန်နှင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ရေးသားထားသည့် ဗီနိုင်းများကို မိုးကောင်းမြို့တွင် ယမန်နေ့က စိုက်ထူထားကြောင်း သိရသည်။

မိုးကောင်းမြို့အတွင်း လူစည်ကားသည့်နေရာများဖြစ်သည့် စည်ပင်ဈေးလမ်းဆုံနှင့် အ.ထ.က (၂) ကျောင်းအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) များကို အလင်းဝင်ရန် ဖိတ်ခေါ်ခြင်းဟု ရေးသားထားသော ဆိုင်းဘုတ်များစိုက်ထူထားသည်ဟု မိုးကောင်းဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ထောင်တဲ့သူဆိုတာ ဥက္ကဋ္ဌတွေတော့မဖြစ်နိုင်ဘူး စစ်တပ်နဲ့ ရဲပဲဖြစ်နိုင်တယ်။ မနေ့ကထောင်ထားတာ။ တနေ့ညက မြို့ပတ်သေးတယ်မရှိဘူး။ မနေ့ညကမှတွေ့တာ” ဟုပြောသည်။

ဗီနိုင်းတွင် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်ခြင်းဟူသော ခေါင်းစဉ်ဖြင့် ရေးသားထားခြင်းဖြစ်ပြီး PDF တပ်ဖွဲ့ဝင်များ လက်နက်အပ်နှံပါက ဆုကြေးငွေချီးမြှင့်မည်ဟုပါရှိကြောင်း မိုးကောင်းဒေသခံ အခြားအမျိုးသားတစ်ဦးက ပြောသည်။

“သူတို့တွေထုတ်ပြန်ထားတာကတော့ ငွေကြေးနဲ့ပေးမယ်ပေါ့။ လက်နက်ဘာညာပါရင် ဘယ်လောက်ပေးမယ်။ ဘယ်လောက်ပေးမယ်ဆိုပြီး တရားဝင်စာထွက်ပြီးသွားပါပြီ” ဟုပြောသည်။

စစ်အသုံးအဆောင်ပစ္စည်းများနှင့် လက်နက်ခဲယမ်းများအတွက် ပစ္စည်းအမျိုးအစားပေါ်မူတည်ကာ ငွေကျပ် နှစ်သိန်းမှ ၇၅ သိန်းအထိ ချီးမြင့်သွားမည်ဖြစ်ကြောင်းပါရှိပြီး ဥပဒေဘောင်းအတွင်းဝင်ရောက်ပါက လိုအပ်သည့် ကူညီပံ့ပိုးမှုများကို ဆောက်ရွက်ပေးသွားမည်ဖြစ်ကြောင်း တွေ့ရသည်။

စစ်တပ်ပိုင် မြန်မာရုပ်သံလိုင်းနှင့် မြန်မာ့အလင်းသတင်းစာတို့တွင်လည်း ပြီးခဲ့သည့်မေလ ၉ ရက်နေ့က အဆိုပါအကြောင်းအရာများကို ဖော်ပြသည့်အပြင် ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်များနှင့် ရပ်ရွာအချို့တွင် လက်ကမ်းစာစောင်များဝေခြင်း၊ ဗီနိုင်းချိတ်ဆွဲခြင်းတို့ကို ပြုလုပ်နေသည်။

ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့ကလည်း ဖားကန့်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ကာမိုင်းမြို့တွင် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်များက PDF များလက်နက်ချအလင်းဝင်ရန် ဖိတ်ခေါ်သည့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်း- ယုစံ

ဓာတ်ပုံ- ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ