လူမြင်ကွင်းတွင် ပေါ်တင်ဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်းကို မိုးကောင်းဒေသခံများ အမြန်ဆုံးပိတ်သိမ်းစေချင်နေကြောင်း ဒေသခံများထံမှ သိရသည်။

ကချင်ပြည်နယ် မိုးကောင်းမြို့တွင် ယခုနှစ်မေလ လဆန်းပိုင်းမှ စတင်ဖွင့်လှစ်ခဲ့သော ကျွန်းတောရပ်ကွက် ဖိုးချစ်ကုန်းရှိ လောင်းကစားဝိုင်းကို ဒေသခံပြည်သူများက အမြန်ဆုံးပိတ်သိမ်းစေလိုသည်ဟု ရပ်ကွက်နေအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“အကြီးအကျယ်ဖွင့်ထားတာ ညဆိုရင်လည်း လူတွေအများကြီးပဲ ရဲတွေကိုလည်း ပိုက်ဆံသိန်းငါးဆယ် ပေးထားရတယ်လို့ ကြားတယ်။ အရင်တုန်းကပင်းဘောမှာ ဖွင့်ထားတဲ့ခါကျတော့ အတိုင်ခံရတာပေါ့နော့ လိုင်းပေါ်အတင်ခံရတာပေါ့။ ဘယ်လို၊ ဘယ်လိုဖြစ်တယ်။ ဒီမှာခိုးမှုတွေ၊ နွားတွေပျောက်တယ်ပေါ့” ဟုပြောသည်။

လူမြင်ကွင်းတွင် ပေါ်တင်ဖွင့်လှစ်ထားသည့် အဆိုပါလောင်းကစားဝိုင်းတွင် ကာစီနို၊ ငါးမန်းဂိမ်း၊ ရှမ်းကိုးမီး၊ ခြောက်ကောင်ဂျင်နှင့် လေးကောင်ဂျင်များ ဆော့ကစားနိုင်ပြီး နံနက် ၁၀ မှ ည ၁၀ နာရီခန့်ထိ ဖွင့်လှစ်လေ့ရှိသည်ဟု ဒေသခံများက ဆိုသည်။

မူလတန်းကျောင်းအရှေ့တွင် ဖွင့်လှစ်ထားသည်ကလည်း ရပ်ကွက်နေပြည်သူများ ကန့်ကွက်ရသည့် အကြောင်းအရင်းတစ်ခုဖြစ်ပြီး လောင်းကစားဝိုင်းကြောင့် ခိုးဆိုးလုယက်မှုများ ပိုမိုအဖြစ်များလာမည်ကို စိုးရိမ်ကြောင်း ရပ်ကွက်နေ အခြားအမျိုးသားတစ်ဦးက ပြောသည်။

“ဒီမှာနဂိုကတည်းက ဖိုးသမား၊ ဘိန်းစားများနေတာ။ လောင်းကစားရော၊ မူးယစ်ဆေးဝါးရော ပါနေတာကိုး။ အဲ့တော့ရပ်ကွက်မှာ ခိုးဆိုးလုနှိုက်တွေများလာနိုင်တယ်။ နောက်ပြီးလူငယ်၊ လူရွယ်ပျက်စီးမှာကို စိုးရိမ်တာပေါ့” ဟုပြောသည်။

ဒေသခံပြည်သူလူထုအတွက် ဆိုးကျိုးများသာ ဖြစ်ပွားစေနိုင်သည့်အတွက် အမြန်ဆုံးပိတ်သိမ်းစေလိုသဖြင့် သက်ဆိုင်ရာသို့ တိုင်ကြားမှုများ ပြုလုပ်ခဲ့သော်လည်း အရေးယူလုပ်ဆောင်ခြင်းမရှိကြောင်း သူကဆက်ပြောသည်။

“လောင်းကစားဆိုတာ ဥပဒေနဲ့ မလွတ်ကင်းတဲ့အလုပ်ဗျ။ ဥပဒေနဲ့ မလွတ်ကင်းတဲ့အလုပ်ဆိုရင် ကျွန်တော်တို့မြို့နယ်က ဥပဒေအောက်မှာရှိနေတယ်ဆိုရင် အဲ့ဥပဒေလမ်းကြောင်းက ဘာလုပ်နေလဲ။ ဒါဆိုရင်တော့ သူတို့အဖွဲ့နဲ့သူတို့လုပ်တဲ့ကိစ္စပေါ့” ဟုပြောသည်။

လောင်းကစားဝိုင်းဖွင့်လှစ်ထားသူများကို ဒေသခံပြည်သူများက ကန့်ကွက်ကြောင်း သွားရောက်ပြောဆိုရာတွင်လည်း အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် လာရောက်ဖွင့်လှစ်ခြင်းဖြစ်ပြီး ပိတ်သိမ်းမည်မဟုတ်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သူကဆက်ပြောသည်။

“ကန့်ကွက်ဖို့တောင်မပြောရသေးဘူး ပါးစပ်လေးဟလိုက်တာနဲ့ အိမ်ကိုတန်းရောက်လာတာ။ အထက်က ခွင့်ပြုမိန့်နဲ့ဖွင့်မှာ ခင်ဗျားတို့ကန့်ကွက်လို့မရဘူးပေါ့။ ဝင်းပိုင်ရှင်က မငှားဘူးအသံထွက်နေတယ်။ တကယ်လို့ ဝင်းပိုင်ရှင်က အကြောင်းတစ်စုံတစ်ရာကြောင့် မငှားဘူးဆိုရင်တော့ ခင်ဗျား တာဝန်ယူရမယ်ဆိုပြီးတော့ ခြိမ်းခြောက်သွားတာ” ဟုပြောသည်

စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲများကို တစ်လလျှင် ငွေကျပ်သိန်း ၅၀ ခန့် လိုင်းကြေးပေးဆောင်ကာ ဖွင့်လှစ်နေကြခြင်းဖြစ်သည်ဟု ရပ်ကွက်နေပြည်သူများက ပြောဆိုနေကြသော်လည်း The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝှမ်းတွင် စစ်ကောင်စီလက်အောက်ခံ စစ်တပ်နှင့် ရဲများကို အခွန်အခပေးပြီး လုပ်ကိုင်နေသည့် လောင်းကစားဝိုင်းများ ပိုမိုများပြားလာသည့်အပြင် နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် ခိုးဆိုးလုယက်မှုများလည်း ပိုများလာသည်။

မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက်ရှိ လောင်းကစားဝိုင်းဖွင့်လှစ်ထားသည့် နေအိမ်ကို ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့က အမည်မသိလက်နက်ကိုင်အဖွဲ့က ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။

သတင်း- Yu San

ဓါတ်ပုံ – လောင်ကစားရုံဖွင့်လှစ်ထားသည့် နေအိမ်ကို အိမ်ရှေ့မျက်နှာစာမှ မြင်ရပုံ

 

သင့်ထင်မြင်ချက်ရေးပေးပါ