စစ်ကောင်စီစစ်ကြောင်းက မုံရွာမြို့နယ် နဂါးတွင်းကျေးရွာအတွင်းသို့ ယနေ့ နံနက် ၇ နာရီခန့်က စစ်ကြောင်းထိုးခဲ့ပြီး ဒေသခံပြည်သူ ၆၀ ဦးထက်မနည်းဖမ်းဆီးကာ ကျေးရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အင်အား ၁၅၀ ခန့်ပါဝင်သော စစ်ကြောင်းက နဂါးတွင်းကျေးရွာကို လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“စစ်ကောင်စီတွေက မနေ့ကတော့ ကျွန်းကြီး(ရွာ)ဘက်ကနေပြီး စစ်ကြောင်းထိုးပြီး နဂါးတွင်းရွာအနောက်ဘက်က ကျွန်းလေးပေါ်ကိုတပ်စွဲ။ မနက်ကျဝင်တယ်။ အခုလောလောဆယ်တော့ မီးရှို့နေတယ်” ဟုပြောသည်။

ထို့အပြင် နဂါးတွင်းကျေးရွာမှ ဒေသခံပြည်သူ ၆၀ ဦးထက်မနည်းကိုလည်း ဖမ်းဆီးသွားခဲ့ပြီး လက်ရှိအချိန်ထိ လွတ်မြောက်လာခြင်းမရှိသေးကြောင်း အခြား ဒေသခံတစ်ဦးက ဆက်ပြောသည်။

“ပြည်သူတွေဖမ်းတယ်။ ရွာကိုလည်း မီးရှို့နေပြီ။ ဒေသခံတွေကို ခုထိမလွတ်ပေးသေးဘူး။ သူတို့က တွေ့တွေ့သမျှ လူတွေဖမ်းပြီး ဓားစာခံတွေလုပ်တယ်။ လမ်းတွေပြခိုင်းတယ်” ဟုပြောသည်။

ဖမ်းဆီးခံရသူများသည် မည်သူမည်ဝါဖြစ်ကြောင်းကိုမူ မသိရှိသေးကြောင်းသူကပြောသည်။

နဂါးတွင်းကျေးရွာပါဝင်သော မုံရွာမြို့နယ်တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေစုစုပေါင်း လေးသိန်းနီးပါးနေထိုင်သည်။

မုံရွာ – အမြင့်လမ်းတွင် ယမန်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အား ၂၀၀ ခန့်မှ ကျွန်းကြီးကျေးရွာ နတ်ကြီးကျွန်းကျေးရွာတို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ‌ပြည်သူများကိုဖမ်းဆီးကာ တစ်ဦးလျှင် ငွေကျပ် သိန်း ၅၀ ဖြင့် ရွေးခိုင်းခဲ့ကြောင်းသိရသည်။

Photo – CJ

သင့်ထင်မြင်ချက်ရေးပေးပါ