ပုလဲမြို့နယ်မှ စစ်ကောင်စီလက်အောက်ခံ Non-CDM ဝန်ထမ်းများ စက်တင်ဘာလ ၂၀ ရက်နေ့တွင် အလင်းဝင်ကြရန် ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ နောက်ဆုံးအကြိမ် သတိပေးထုတ်ပြန်ခဲ့ကြောင်းသိရသည်။
တော်လှန်ရေးတွင်ရပ်တည်ပေးသူများ၏ ကိုယ်ရေးအချက်အလက်များပေးပြီး ဖမ်းဆီးမှုများလုပ်ရန် Non-CDM ဝန်ထမ်းအချို့၏ကူညီပေးမှုကြောင့် ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသူများရှိနေသောကြောင့်မလိုက်နာလျှင် ပြင်းထန်စွာ အရေးယူသွားမည်ဟု ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဦးဇော်ထက် က The 74 Media ကိုပြောသည်။

“အများစုက Non-CDM တွေကနေပြီးမှ သတင်းတွေပေးတာကြောင့် အသတ်ခံရတာများတယ်။ Non-CDM နဲ့ပတ်သတ်ပြီးတော့ ကျွန်တော်တို့ကမဖြစ်မနေအကောင်အထည်ဖော်သွားပါမယ်။ Non-CDM တွေက လက်နက်ကိုင်တာတော့မဟုတ်ပေမဲ့ လက်နက်ကိုင်တဲ့ စကစရဲ့ ထောက်တိုင်အဖြစ်နောက်ကွယ်ကနေ ကူညီပေးနေတာပေါ့” ဟုသူကပြောသည်။

ပုလဲမြို့နယ်တွင် ကျန်းမာရေးဌာနနှင့်ပညာရေးဌာနတို့မှ CDM ဝင်သည့်ဝန်ထမ်းအများဆုံးဖြစ်ပြီး NON-CDM အများစုမှာ ရဲတပ်ဖွဲ့မှဖြစ်ကြောင်း သူကပြောသည်။

ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ လက်အောက်မှ အဖွဲ့ဖြစ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်မှ မီးရှို့ဖျက်စီးမှုကြောင့် အိမ်ထောင်စု နှစ်ထောင်ခန့် ပျက်စီးရှုုံးခဲ့ရပြီး ပြည်သူ လေးဆယ်ကျော် သတ်ဖြတ်ခံခဲ့ရကြောင်းသိရသည်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ထောင်စု သုံးသောင်းကျော် လူဦးရေ တစ်သိန်းခွဲခန့်နေထိုင်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ