ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်တွင် ယမန်နေ့ည ၁၀ နာရီခန့်က သေနတ်ကိုင်ဆောင်ထားသည့် အမည်မသိ လူသုံးဦးက လုယက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆိုင်ကယ်တစ်စီးတည်းတွင် လူသုံးယောက်စီးနင်းလာပြီး သေနတ်သုံးလက်ဖြင့် ခြိမ်းခြောက်မှုများပြုလုပ်ခဲ့ပြီး ငွေကျပ် တစ်သိန်းခွဲ ယူဆောင်သွားကြောင်း ငွေလုယက်ခံရသူတစ်ဦးက The 74 Media ကိုပြောသည်။

“ကျွန်တော်တို့က သူငယ်ချင်းနေမကောင်းလို့ဆိုပြီး သွားကြည့်ရင်း သူ့အိမ်ကနေပြန်လာတာ ည ၁၀ နာရီဆို ဥရုရတနာကျောက်စိမ်းတောင်တံတားက ပိတ်ပြီလေ အဲ့တာနဲ့ တခြားလမ်းကနေပြန်တာပေါ့ အနောက်ကနေ ဟွန်းတွေအသားကုန်တီးပြီး ဆိုင်ကယ်ရပ်ခိုင်းတယ် ပြီးတာနဲ့ သေနတ်တွေနဲ့ထောက်ပြီး တောင်းတော့တာပဲ” ဟုသူကပြောသည်။

မရှီကထောင်ရပ်ကွက် ဟွာကျင်းစက်သုံးဆီဆိုင်အနီးတွင် လုယက်ခံရခြင်းဖြစ်ပြီး သေနတ်ဖြင့် ခြိမ်းခြောက်ခဲ့ပြီး ဖုန်းများကိုလည်း စစ်ဆေးခဲ့ကြောင်း သူကဆက်ပြောသည်။

“အရပ်ဝတ်နဲ့ သေနတ်တွေ တစ်ယောက်တစ်လက်ဟုတ်တယ် မရပ်ရင်ပစ်မယ်ဆိုပြီး ပြောတယ်။ ပြီးရင် ကျွန်တော်တို့ကို မြေကြီးပေါ်မှာ ဝမ်းလျားမှောက်ခိုင်းတယ် ဖုန်းတွေကိုလည်း စစ်သေးတယ်” ဟုပြောသည်။

ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်တွင် စက်တင်ဘာလ ၂၀ ရက်နေ့ကလည်း ပိုက်ဆံအိတ်လုပြေးမှုဖြစ်ပွားခဲ့ပြီး လုယက်သူကိုလည်း အနီးပတ်ဝန်းကျင်ရှိပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့ ဆိပ်မူကျေးရွာတွင် စက်တင်ဘာ ၂၉ ရက်နေ့ကလည်း PDF အမည်ခံကာ ငွေကြေးကောက်ခံနေသူများကို ကေအိုင်အေနှင့် PDF တို့မှ ဖမ်းဆီးခဲ့ရာ ဖမ်းမိသူ စုစုပေါင်း ခြောက်ဦးရှိပြီး လက်နက်များနှင့် ကျည်ဆံများလည်း ဖမ်းဆီရမိခဲ့ကြောင်းသိရသည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ