မင်းတပ်မြို့မှ စစ်ရှောင်ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားပြီး တစ်ပါတ်ခန့်ကြာသည်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။

ဆောမြို့နယ် တေးကျေးရွာတွင် စစ်ဘေးတိမ်းရှောင်နေသည့် စစ်ရှောင်အမျိုးသမီးကို စက်တင်ဘာ ၂၇ ရက်နေ့တွင် ကျောက်ထုအခြေစိုက် စစ်ကောင်စီတပ်မ ၅၅ နှင့် တပ်မ ၁၀၁ တို့က အင်အား ၈၀ ခန့်ဖြင့် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ကိုယ်ဝန်လည်း လေးလကျော်ရှိပြီ CDFနဲ့ပတ်သတ်မှုရှိတယ်လို့ ယူဆလို့ပဲဖြစ်မှာပေါ့ အိမ်ငှားနေတဲ့နေရာကို အိမ်တိုင်ရာရောက်လာဖမ်းသွားတာ။ အဖမ်းခံရပြီးနောက်တစ်ရက်တော့ အိမ်မှာလည်း လာစစ်သွားတယ်” ဟုသူကပြောသည်။

မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကိုမသိရသဖြင့် လိုက်လံစုံစမ်းနေဆဲဖြစ်ကြောင်း သူကဆက်ပြောသည်။

“မုံရွာလို့တော့ကြားတယ် ခမရဘယ်လောက်ကိုလည်းတော့ မသိသေးဘူး။ လောလောဆယ်တော့ ဘာမှလည်း မလုပ်ပေးနိုင်ဘူး။ ရဲဘက်ကိုရောက်မှပဲ သတင်းသိရမယ်ပြောလို့ ရဲလက်ရောက်ပြီးမှပဲ ဆက်သွယ်လို့ ရမယ်ဆိုပြီး စောင့်နေကြတယ်” ဟုသူကပြောသည်။

မကွေးတိုင်း ဆောမြို့နှင့် ကျောက်ထုမြို့တို့တွင် မင်းတပ်မြို့နယ်မှ ထွက်ပြေးတိမ်းရှောင်လာသည့် ပြည်သူ ၉၅၀၀ ခန့်ရှိကာ တိမ်းရှောင်လာသည်မှာ တစ်နှစ်ကျော်ခန့်ရှိပြီဖြစ်ကြောင်းသိရသည်။

မင်းတပ်မြို့နယ်တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ထောင်စု ၈၅၀၀ ခန့်ရှိပြီး လူဦးရေ ၄၂၆၀၀ ခန့် နေထိုင်သည်။

ပုံ – မင်းတပ်မြို့နယ်မှ စစ်ရှောင်ပြည်သူများကို တွေ့ရစဉ်

 

သင့်ထင်မြင်ချက်ရေးပေးပါ