ကချင်ပြည်နယ်၊ မိုးညှင်းမြို့ ဒေသအခေါ် နောင်စွန်းတံတားထိပ်အနီးတွင် ယနေ့ နံနက် ၁၁ နာရီခန့်က ဆိုင်ကယ်နှစ်စီး ယာဉ်တိုက်မှုဖြစ်ခဲ့ရာ လူငယ်တစ်ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။

မောင်နှမသုံးဦးစီးနင်းလာသော ဆိုင်ကယ်နှင့် ဆယ်ကျော်သက် လူငယ်တစ်ဦးစီးနင်းလာသော ဆိုင်ကယ်တို့ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း မေတ္တာလေညှင်းလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက The 74 Media ကို ပြောသည်။

“ဆိုင်ကယ်တစ်စီးက သုံးယောက်စီးပြီး ဝါးတောလမ်းကနေထွက်ခဲ့တာ၊ (တစ်စီးက) မိုးညှင်းတက္ကသိုလ်ဘက်က လမ်းမကြီးဘက်ကနေ အရှိန်ပြင်းပြင်းစီးခဲ့တာ ပြီးတော့ ဝင်တိုက်တာ”ဟု ပြောသည်။

ဝင်တိုက်ခဲ့သော ဆယ်ကျော်သက်လူငယ်မှာ ဦးခေါင်းတွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး မောင်နှမသုံးဦးမှာမူ ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း မစိုးရိမ်ရကြောင်း သူကပြောသည်။

ဒဏ်ရာပြင်းထန်စွာရရှိခဲ့သော အသက်(၁၆)နှစ်အရွယ် မောင်မျိုးချစ်အောင်ကို မြစ်ကြီးနားအထွေထွေရောဂါကုဆေးရုံသို့ပိုဆောင်လိုက်ပြီဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ(၂၈)ရက်နေ့ကလည်း မိုးညှင်းမြို့ အောင်ချမ်းသာရပ်ကွက်(၄) လမ်းမပေါ်တွင် ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်းလာသည့် အမျိုးသားတစ်ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်းသိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ