ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာရှိ ရဲကင်းအနီးတွင် ယမန်နေ့ည ၁၀ နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရမ်းသမ်းပစ်ခတ်မှုကြောင့် လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကားသုံးစီးဖြင့် ဖားကန့်မြို့မှ မှော်စီစာကျေးရွာသို့ လာရောက်ပတ်ကင်းလှည့်ကာ ရဲကင်းနားအရောက်တွင် ဖြတ်သန်းသွားလာသော ပြည်သူများကို စစ်ဆေးမေးမြန်းမှုပြုလုပ်ပြီး သေနတ်ရမ်းသန်းပစ်ခတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ဖားကန့်ဘက်ကနေလုံးခင်းကို ကားသုံးစီးနဲ့ ပတ်တယ်။ မှော်စီစာရဲကင်းနားရောက်တော့ အဲ့ဒီရဲတွေကို အင်အားဖြည့်ပြီးမှ စစ်ဆေးတာတွေလုပ်တာရှိတယ်။ ဂေါက်ကွင်းရှေ့တည့်တည့်မှာ စစ်တယ်။ တားလို့မရတဲ့တချို့ ကလေးတွေကို ဖမ်းသွားတယ်လို့လည်းကြားတယ်” ဟုပြောသည်။

မှော်စီစာရဲကင်းအနီးရှိ ဂေါက်ကွင်းနှင့် ဆင်ဖြူတော်ကျောက်ဖြတ်ခုံအနီးတွင် စစ်ကောင်စီတပ်ဖွဲ့များက စစ်ဆေးမေးမြန်းမှု ပြုလုပ်နေချိန် ဆိုင်ကယ် မရပ်ပေးသဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ထိခိုက်ဒဏ်ရာရရှိသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“လူနှစ်ယောက်လာတာ နောက်ကထိသွားတာ သေလောက်တဲ့ထိတော့ မဟုတ်ဘူး။ ထိတာနဲ့ သူ့သူငယ်ချင်းက တစ်ခါတည်း သယ်သွားလိုက်တာ။ မာရှယ်လောထုတ်ထားတာလေ သူတို့က အဲ့ချိန်မှာ ဖြတ်သွားလိုက်မိတော့ ရပ်ခိုင်တဲ့ချိန် မရပ်ဆိုတော့ ပစ်ခံလိုက်ရတာ” ဟုသူကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရဲကင်းအနီးတွင် ယမန်နေ့ည ၁၀ နာရီခန့်တွင်တစ်ကြိမ် ၁၂ နာရီခန့်တွင်တစ်ကြိမ် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာရှိ ရဲကင်းတွင် ဇူလိုင် ၃၁ ရက်နေ့ကလည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ