ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ အုပ်ချုပ်ရေးဆိုင်ရာအရာရှိအများအပြား ယမန်နေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့တွင် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်ရှိ KTV တစ်ခုတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ကေအိုင်အိုအရာရှိများနှင့် နီးစပ်သူတစ်ဦးက The 74 Media ကို ပြောသည်။

“ကျွန်တော့်သူငယ်ချင်းလည်းပါသွားတယ်။ ဖမ်းသွားတာသေချာတယ်။ စစ်ကောင်စီတွေက နေရာအတိအကျရထားတဲ့ပုံစံဘဲ။ မနက်သူတို့ထွက်လာတဲ့အချိန်စောင့်ဖမ်းတဲ့ ပုံစံဟုတ်တယ်”ဟု သူကပြောသည်။

ဖမ်းဆီးခံရသူများတွင် KIO ၏ အထွေထွေအုပ်ချုပ်ရေးရုံး (DGA) မှ မြို့နယ်အဆင့်အုပ်ချုပ်ရေးအရာရှိများနှင့် အခြားသူများလည်းပါဝင်သည်ဟု အခြားကေအိုင်အိုအရာရှိများနှင့်နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“ကျွန်တော့်ကိုတောင်ခေါ်တာဟုတ်တယ်။ အလုပ်ရှိနေလို့မသွားလိုက်ရဘူး။ သူတို့က အပတ်စဉ်လည်း တူတာဟုတ်တယ်။ မတွေ့တာကြာတော့ ဒီတိုင်းဆုံဖြစ်တဲ့အချိန်ဖြစ်သွားတာဟုတ်တယ်” ဟုသူကပြောသည်။

အုပ်ချုပ်ရေးဆိုင်ရာအရာရှိ ၁၆ ဦးထက်မနည်းဖမ်းဆီးခံရသည်ဟု ဖေ့စ်ဘုတ်လူမှုကွန်ရက်ပေါ်တွင် ရေးသားနေကြသော်လည်း The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းတို့ဖမ်းဆီးသွားသည့် ကေအိုင်အိုအရာရှိများနှင့် ပတ်သက်သူများကို ကွင်းဆက်လိုက်ပြီး ဖမ်းဆီးမှုများဆက်လက်ပြုလုပ်နေကြောင်း သိရသည်။

ဖမ်းဆီးသွားသူများကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို The 74 Media ကဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

မြစ်ကြီးနားမြို့တွင် ဩဂုတ်လ ၉ ရက်နေ့ကလည်း ကချင်လွတ်မြောက်ရေးတပ် (KIA) ရုံးစာရေးလုပ်ကိုင်သူကို တာဝန်ထမ်းဆောင်နေစဉ် စစ်ကောင်စီများဖမ်းဆီးခြင်းခံခဲ့ရသည်။

ဓာတ်ပုံ – KIO အုပ်ချုပ်ရေးအရာရှိများ ဖမ်းဆီးခံရသည့် KTV

 

သင့်ထင်မြင်ချက်ရေးပေးပါ