ဖားကန့်မြို့ရှိ KTV တစ်ခု တွင်ပျော်ပါးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ယမန်နေ့ညက ပစ်ခတ်ခံရပြီး အရာရှိတစ်ဦးအပါအဝင် ငါးဦးသေပြီး သုံးဦးဒဏ်ရာရကြောင်း သိရသည်။

မှော်စီစာကျေးရွာရှိ Sky KTV တွင် သောက်စားမူးယစ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ည ၁၀ နာရီ ခွဲခန့်တွင်သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု KPDF နှင့် နီးစပ်သူတစ်ဦးက The 74 Media ကို ပြောသည်။

“KTV မှာပစ်ခံရတယ်။ သေတဲ့သူတွေထဲမှာ (၃) ပွင့် ဗိုလ်တစ်ဦးလည်းပါတယ်။ ပြီးတော့သူတို့က သုံးညရှိပြီး အဲမှာနေနေတာ” ဟု ပြောသည်။

ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးထက်မနည်းဒဏ်ရာရရှိခဲ့သည်ဟုလည်း သူက ဆက်ပြောသည်။

အဆိုပါ KTV တွင် ပစ်ခတ်မှုဖြစ်ပွားသည်မှာ မှန်ကန်ကြောင်း အခြားဒေသခံတစ်ဦးက အတည်ပြုသည်။

“အဲ့ထဲမှာဖြစ်တာ ဟိုင်းခန်းလို့ပြောတယ် အခန်းနံပါတ်ကတော့ သေချာမသိဘူး။ ဟိုင်းခန်းက ပြောရမယ်ဆို အဆင့်မြင့်ပေါ့ (VIP) လို့လည်း ပြောလို့ရတယ်။” ဟု ပြောသည်။

လူမှုကွန်ရက်ပေါ်တွင်ပျံ့နှံ့နေသည့် ရုပ်သံတစ်ခုတွင် သွေးအလိမ်းလိမ်းဖြင့်ကြမ်းပြင်တွင် လှဲလျောင်းနေသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးဟုယူဆရသူက နာကျင်မှုကြောင့် သူ့ကိုပစ်သတ်ရန် တောင်းဆိုညည်းတွားနေသည်။

ပစ်ခတ်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မည်သည့်အဖွဲ့က တိုက်ခိုက်ခဲ့သည်ကို The 74 Media က အတည်ပြုရန် ကြိုးပမ်းနေသည်။

ကချင်ပြည်နယ်တွင် စက်တင်ဘာလမှစတင်ကာ စစ်ကောင်စီတပ်က ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ကို အဓိကပစ်မှတ်ထားတိုက်ခိုက်နေပြီး စစ်စခန်းများကို တိုက်ခိုက်ခြင်း၊ အုပ်ချုပ်ရေးအရာရှိများကို ဖမ်းဆီးခြင်းပြုလုပ်လျက်ရှိသည်။

အောက်တိုဘာလ ၂၃ ခုနှစ်တွင် စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် KIA တပ်မဟာ ၉ မှ အရာရှိနှင့်တပ်ဖွဲ့ဝင် ၆၀ ထက်မနည်းသေဆုံးကာ ၁၀၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

နိုဝင်ဘာလ အစောပိုင်းကလည်း မြစ်ကြီးနားမြို့ရှိ Happy KTV တွင် စစ်ကောင်စီတပ်က KIO အုပ်ချုပ်ရေးအရာရှိ ၁၀ ဦးထက်မနည်းကို ဖမ်းဆီးခဲ့သည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ