ကာမိုင်းမြို့အဝင် ကောင်ရာကျေးရွာအနီးရှိ ဒေသအခေါ် လောင်းရှာတံတားအနီးတွင် ယမန်နေ့ ညနေ ၃ နာရီခွဲခန့်က စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်းသိရသည်။

မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသော အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ကာမိုင်းမြို့နယ်အတွင်း လှည့်လှည်ကာ စစ်ဆေးမှုပြုလုပ်နေပြီး ဖြတ်သွားဖြတ်လာ ပြည်သူများကိုလည်း မကြာခဏငွေကြေးကောက်ခံမှုများ ပြုလုပ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ခုရက်ပိုင်းအတွင်းကားမိုင်းထဲရော၊ ကောင်ရာကျေးရွာထဲကိုရော စစ်ကောင်စီတပ်တွေက လှုပ်ရှားကြတာလေ။ လှုပ်ရှားကြတော့ ဘယ်သူတွေလည်းတော့မသိဘူး မိုင်းဆွဲတိုက်ခိုက်တာပေါ့။ နယ်မြေစိုးမိုးရေးပုံစံလိုမျိုး ဖြတ်သွားဖြတ်လာ ဖားကန့်တက်တဲ့သူတွေကို စစ်ပြီး ပိုက်ဆံတောင်းတာ” ဟုပြောသည်။

အဆိုပါစစ်ကြောင်းသည် ကောင်ရာကျေးရွာမှ ထွက်လာချိန် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး မည်သည့်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ကို မသိရှိကြောင်းသူကဆက်ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကာမိုင်းဗျူဟာကုန်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ပြည်သူနေအိမ် ငါးလုံးခန့်တွင် ထိခိုက်မှုများရှိခဲ့ကြောင်း ဒေသခံအခြားအမျိုးသားတစ်ဦးက ပြောသည်။

“ဗုံးပေါက်လို့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ စစ်တပ်ကလက်နက်ကြီးတွေနဲ့ ရမ်းပစ်ကြတယ်။ သူတို့က နေ့တိုင်း ရွာထဲမှာတွေ ဖြန့်ကျက်တယ်လေ။ အပြင်မှာတွေ လမ်းတစ်လျှောက် လျှောက်သွားတယ်။ ကျွန်တော်တို့နဲ့ သိပ်မဝေးနဲ့ နေရာမှာတွေ တောင်လက်နက်ကြီးလာကျတယ်။ တစ်လုံးက ကျွန်တော်တို့ တစ်လမ်းကျော်နားမှာ လာကျတယ်” ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့က ယခုရက်ပိုင်းအတွင်း ကားမိုင်းမြို့နယ်အတွင်း စစ်ဆေးမှုတင်းကြပ်စွာပြုလုပ်နေကြောင်း သူကဆက်ပြောသည်။

ပြီးခဲ့သည့်နှစ် နိုင်ဝင်ဘာ ၂၄ ရက်နေ့ကလည်း ကာမိုင်းမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးဝင်းအတွင်း ဗုံးသီး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဝန်ထမ်းနှစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သတင်း – Nan non

ဓာတ်ပုံ – ယောင်းထန်

သင့်ထင်မြင်ချက်ရေးပေးပါ