မူဆယ်မြို့နယ်မှ တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် People Security and Defense Army (PSDA) အဖွဲ့ကို Tactic of Muse အဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ပြီး အဖွဲ့ဝင်အချင်းချင်းပစ်ခတ်သတ်ဖြတ်ခဲ့သူများကို ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း မူဆယ်ဗျူဟာက ထုတ်ပြန်ကြေငြာခဲ့သည်။

People Security and Defense Army (PSDA) အဖွဲ့ကို အမျိုးသားညီညွှတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန (MOD) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့က ချမှတ်ထားသော စစ်ဘက်ဆိုင်ရာစည်းမျဉ်းများနှင့် မကိုက်ညီသဖြင့် ဖေဖော်ဝါရီ ၁၉ ရက်နေ့က တရားဝင်အဖွဲ့ဖျက်သိမ်းကြောင်းကြေငြာလိုက်ပြီး အဖွဲ့ကိုပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု မူဆယ်ဗျူဟာမှ ပြောရေးဆိုခွင့်ရှိသူ ကိုဒိုးက The 74 Mediaကိုပြောသည်။

“အရင်အဖွဲ့ PSDA အဖွဲ့က ဗဟိုတာဝန်ခံကိုယ်တိုင် ဦးဆောင်ညွှန်ကြားပြီး လုပ်ခဲ့တာ၊ မြင်ခဲ့တာတွေရော ငွေရေး ကြေးရော အရှုပ်တော်ပုံတွေကြောင့်ရော အဖွဲ့ကိုဖျက်သိမ်းဖို့ EROsနဲ့ NUG MODနဲ့ပြောဆို တိုင်ပင်ပီးမှ ဆုံးဖြတ်ထားတာပါ” ဟုပြောသည်။

ပြောင်းလဲဖွဲ့စည်းခဲ့သည့် Tactic of Muse မူဆယ်ဗျူဟာအဖွဲ့တွင် ဖမ်းဆီးခံခဲ့ရသည့် တပ်ဖွဲ့ဝင်များနှင့် ယခင်က နှုတ်ထွက်ခဲ့သည့် တပ်ဖွဲ့ဝင်ဟောင်းများလည်း ပြန်လည်ပူးပေါင်းပါဝင်လာကြကြောင်း သူကဆက်ပြောသည်။

“ဖမ်းဆီးခံရတဲ့ လေးယောက်မှာ ကျွန်တော်ပါသွားတယ်။ စစ်ခုံရုံးဖွဲ့တဲ့ချိန်မှာ ကျွန်တော်တို့ ပြန်လွတ်တယ်၊ ပြီးတော့မှသူတို့ကို ဖမ်းဆီးထိန်းသိမ်းလိုက်တယ်။ ဒဏ်ရာရ လေးယောက်ကလည်း အဖွဲ့အစည်းထဲ အကုန်ပြန်ပါတယ်။ အရင်ရွှေလီခေတ်တုန်းက ထွက်သွားတဲ့ ကလေးတွေလည်း ပြန်လည်ပြီး လာရောက်ပူးပေါင်းတာတွေလည်း ရှိပါတယ်” ဟုပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်နေ့က ဗဟိုတာဝန်ခံဖြစ်သူ ဦးရွှေလီဦးဆောင်သော အဖွဲ့က PSDA အဖွဲ့မှ နှုတ်ထွက်သွားသူ ၁၄ ဦးကို ပစ်ခတ်ဖမ်းဆီးခဲ့ရာ ခြောက်ဦးမှာ ပွဲချင်းပြီးကျဆုံးခဲ့ပြီး လေးဦးဖမ်းဆီးခံခဲ့ရကာ ကျန်လေးဦးမှာ ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးနောက် ကျန်ရှိနေသော တာဝန်ခံများက NUG – MODနှင့် EROs များထံ အရေးယူပေးပါရန် အမှုဖွင့်ခဲ့သဖြင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃၁ ရက်နေ့က ဗဟိုတာဝန်ခံ ကိုရွှေလီ ဦးဆောင်သော PSDA တပ်ဖွဲ့ဝင်များကို တာဝန်ရှိသူများက ထိန်းသိမ်းခဲ့ကြောင်းသိရသည်။

NUG – MOD၊ EROs နှင့် ရပ်မိရပ်ဖများပါဝင်သော စစ်ခုံရုံးကိုဖွဲ့စည်းကာ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁ ရက်နေ့မှ ယခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့ထိ အမှုကိုကြားနာစစ်ဆေးပြီး အဓိက စေခိုင်းသူများဖြစ်သည့် ကိုရွှေလီ (ခ)အေးမင်းဇော် (PSDA ဗဟိုတာဝန်ခံ)၊ ကိုကျော်ကြီး (ခ) မိုးဇက်အောင် (ဒုဗျူဟာမှူး)၊ နော်ဝမ်း(ခ) ဝေယံလင်း (G- 1)၊ ဇော်ကျူး (ခ) ဇော်သက်အောင်(တပ်ရင်းမှူး) တို့ ကို အလုပ်ကြမ်းနှင့်ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခဲ့ကြောင်းသိရသည်။

ပစ်ခတ်မှုတွင်ပါဝင်ခဲ့သည့် ဖိုးတေ(ခ) အောင်မင်းခန့်(ဒု- တပ်ရင်းမှူး)၊ ဗိုလ်ကတုံး(ခ) စိုးထိုက်(တပ်စိပ်မှူး)၊ တုတ်ကြီး(ခ) ကျော်ဇင်(ဒု – တပ်စိပ်မှူး)၊ သီဟ(ခ) မျိုးသီဟ(တပ်သား)၊ ဘိုဘို(ခ) လင်းထက်အောင်(တပ်သား)နှင့် အောင်ဒင်(ခ) ဇော်ဝင်းမောင်(တပ်သား)တို့ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ငါးနှစ်စီ ချမှတ်ခဲ့ပြီး အမှုတွင်ပါဝင်ပတ်သက်သူ အခြားတပ်ဖွဲ့ဝင် ၁၅ ဦးကိုလည်း နယ်နှင်ဒဏ်ပေးခဲ့ကြောင်း သိရသည်။

ကိုဒေါနသံလွင်ဦးဆောင်သော PSDA အဖွဲ့ Ethnic Revolution Organization (EROs) ထံမှ စစ်ပညာ သင်ယူခဲ့ပြီး ၂၀၂၁ ခုနှစ် ဧပြီလ ၂၅ ရက်နေ့က ဖွဲ့စည်းခဲ့ကာ ၂၀၂၂ ခုနှစ် မေလ ၄ ရက်နေ့ကဖြစ်ပွားခဲ့သည့် နမ့်ဖာတိုက်ပွဲတွင် ကိုဒေါနသံလွင် ကျဆုံးခဲ့ပြီးနောက် ကိုရွှေလီ(ခ) အေးမင်းဇော်က ဗဟိုတာဝန်ခံအဖြစ် ဆက်လက်တာဝန်းထမ်းဆောင်ခဲ့ကြောင်း သိရသည်။

သတင်း – Nan non

သင့်ထင်မြင်ချက်ရေးပေးပါ