မြစ်ကြီးနားမြို့နယ် တန်ဖဲကျေးရွာတွင် ယမန်နေ့ နံနက် ခုနှစ်နာရီခန့်က နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး သုံးလသားအရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မြစ်ဆုံအပန်းဖြေစခန်းရှိရာ တန်ဖဲကျေးရွာတွင် ဖယောင်းတိုင်မီးမှတစ်ဆင့် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အသက် ၃၀ ကျော်ခန့် တန်ဖဲကျေးရွာ ဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ကျွန်တော်တို့ရွာရဲ့ RC ဘုရားကျောင်းရှိတယ်လေ။ အဲ့ရှေ့နားက ကုန်စုံဆိုင်ဘေးက လမ်းကြားနည်းနည်းဝင်ရင်ရောက်ပြီ အဲ့နားမှာဖြစ်သွားတာ။ မိခင်က မနက် ထမင်းထချက်တဲ့ချိန်ပေါ့။ ကလေးကို သိပ်ထားတာတဲ့။ အဲ့ချိန်မီးလောင်သွားတာတဲ့ အိမ်ကလည်း သက်ကယ်အမိုးတွေနဲ့ဆိုတော့ မီးလည်းလောင်လွယ်တာကိုး။ အိမ်က လုံးဝပြာကျပြီး ကလေးဆိုရင် မီးသွေးလိုမျိုး မဲတူးနေတဲ့ ဟာပဲကျန်တော့တာ” ဟု ပြောသည်။

နေအိမ်မီးလောင်မှုတွင် သုံးလသားအရွယ် ယောကျာ်းလေးတစ်ဦး သေဆုံးခဲ့ခြင်းဖြစ်ပြီး တန်ဖဲသုဿာန်တွင် သင်္ဂြိုလ်ခဲ့ပြီးဖြစ်သည်ဟု ရပ်မိရပ်ဖ အမျိုးသမီးတစ်ဦးက ဆိုသည်။

“မီးလောင်နေတာကို သတိမထားမိဘဲ အသံတွေထွက်လာတဲ့အချိန်မှ သိလိုက်တာလို့ပြောတယ်။ အဲ့ချိန်တော့ မီးက မနိုင်တော့ဘူးလေ။ မီးကို သတိထားခိုင်းစေချင်တယ်” ဟုပြောသည်။

မီးလောင်သွားသော နေအိမ်မှာ သက်ကယ်အမိုးနှင့် တည်ဆောက်ထားသော ဝါးထရံအိမ်ဖြစ်ကြောင်းသိရသည်။

တန်ဖဲကျေးရွာသည် ၂၀၁၀ နှင့် ၂၀၁၁ ခုနှစ်က မြစ်ဆုံရေကာတာစီမံကိန်းကြောင့် အောင်မြင်သာစံပြကျေးရွာသို့ ပြောင်းရွှေ့ခဲ့ရသော ကျေးရွာတစ်ရွာဖြစ်သည်။

မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ခံထားရသော ကျေးရွာတစ်ရွာ‌ဖြစ်သော်လည်း စိုက်ပျိုးမွေးမြူရေးအခက်အခဲများကြောင့် ၂၀၁၄ ခုနှစ်ကစပြီး တန်ဖဲကျေးရွာသို့ ဒေသခံအချို့ ပြန်လည် နေထိုင်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ တစ်ရက်နေ့က ဝိုင်းမော်မြို့နယ် နောင်းချိန်းကျေးရွာအုပ်စု အင်ဂန်းကျေးရွာတွင် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ပြီး သက်ကြီးရွယ်အိုအမျိုးသမီးတစ်ဦးနှင့် ကလေးသူငယ် ခြောက်ဦး မီးလောင်သေဆုံးခဲ့သည်။

သတင်း – Ma Di

သင့်ထင်မြင်ချက်ရေးပေးပါ