ဝိုင်းမော်မြို့နယ် အင်မြန်ချောင်းတွင် ဆောက်လုပ်နေသည့် မြေထိန်းနံရံကို အရွယ်အစားသေးငယ်သော ကျောက်ခဲများကိုသာ အသုံးပြုနေသောကြောင့် ခိုင်ခံ့မှုမရှိမည်ကို ဒေသခံများ စိုးရိမ်နေကြောင်း သိရသည်။

မိုးရာသီအတွင်း နှစ်စဉ်ဖြစ်ပွားနေသော အင်မြန်ချောင်း၏ ရေတိုက်စားမှုဒဏ်မှ ကာကွယ်ရန်  မြေထိန်းနံရံ တာဝန်ယူဆောက်လုပ်နေသော ကုမ္ပဏီက ကျောက်ခဲအသေးများကို အသုံးပြုထားသဖြင့် ခိုင်ခံ့မှုမရှိမည်ကို စိုးရိမ်နေခြင်းဖြစ်သည်ဟု အသက်သုံးဆယ်ကျော်အရွယ် ဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဒီချောင်းကနေပြီး မိုးရာသီဆိုရင် ရေတွေက တိုက်စားလွန်းလို့ ရွာထဲက အိမ်ဘက်ကို အရမ်းနီးလာလို့ ရေကာတာလုပ်ဖို့ လျှောက်ခဲ့ကြတာပေါ့။ လျှောက်ပြီးကျလာပြီး အဲ့ဒါကို ‌ကောင်းကောင်းမလုပ်ပေးကြဘူးပေါ့။ အထဲမှာကကျ ကျောက်ခဲသေးသေးလေးတွေပဲသုံးထားပြီး အပေါ်ယံကိုကျတော့ ကျောက်ခဲအကြီးနဲ့ ပြန်လုပ်ထားတာ။ အဲ့တော့ ဘယ်လိုမှ ခိုင်စရာအကြောင်းလည်းမရှိဘူး” ဟု ပြောသည်။

အဆိုပါ  မြေထိန်းနံရံကို ခိုင်ခံ့စွာဆောက်လုပ်ပေးရန် ကုမ္ပဏီတာဝန်ရှိသူများထံ သွားရောက် ပြောကြားခဲ့သော်လည်း စိုးရိမ်ပူပန်စရာမလိုကြောင်းသာ တုံ့ပြန်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

နိုင်ငံတော်ကချမှတ်ပေးခဲ့သော ပေ ၈၀၀ ခန့်အရှည်ရှိသည့်  မြေထိန်းနံရံကို စက်ယန္တရားကြီးများ မပါဝင်ဘဲ လူအင်အား ခြောက်ဦးဖြင့်သာ ပြုလုပ်နေသောကြောင့် မိုးရာသီမဝင်ခင် အချိန်မှီပြီးဆုံးမှု မရှိပါက ချောင်းရေတိုက်စားမှု ပိုမိုဆိုးဝါးလာမည်ကို စိုးရိမ်ပူပန်နေရသည်ဟု ကျေးရွာကော်မတီဝင်အမျိုးသားတစ်ဦးက ဆိုသည်။

“မိုးရာသီကဝင်လာပြီး မပြီးဘူးဆိုရင် အရင်ကထက်ပိုဆိုးမှာစိုးရတယ်။ ဘာလို့ဆိုရင် သူတို့က အရင်က အခြေခံကမ်းပါးတွေကို ကုတ် ဖြိုပြီးမှ လုပ်နေတာလေ။ အဲ့တော့ မပြီးခင် မိုးရာသီရောက်သွားမယ်ဆိုရင် အရင်က ရေတိုက်စားတာတွေထက် ပိုဆိုးသွားနိုင်တယ်။ အဲ့ကြောင့် စိုးရိမ်တာတွေက အမျိုးမျိုးရှိနေတယ်” ဟုဆိုသည်။

မြေထိန်းနံရံ ဆောက်လုပ်ရေးတွင် အသုံးပြုထားသော ကျောက်ခဲများသည် အလှဆင်ကျောက်ခဲများဖြစ်ပြီး ဆောက်လုပ်ရေးဆိုင်ရာတွင် အသုံးမပြုသင့်ကြောင်း လုပ်သက် ၈ နှစ်ခန့်ရှိ အင်ဂျင်နီယာအမျိုးသားတစ်ဦးက ဆိုသည်။

“ကျောက်တုံးတွေက အလှဆင်တဲ့နေရာမှာပဲ သုံးကြတာ ကွန်ကရစ်က လုံးဝမဆွဲနိုင်ဘူးပေါ့နော်။ ကွန်ကရစ်ပြန်လောင်းမယ်တော့ထင်တယ်။ အောက်က အသေးကကျတော့ မြေညီဖို့သုံးထားတာဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒီကျောက်တုံးလေးတွေက သုံးလည်းမသုံးသင့်ဘူးပေါ့နော်။ ကွန်ကရစ်ဘယ်လိုမျိုးမှ မကပ်နိုင်ဘူး။ ဒီပုံစံအတိုင်းကတော့ မခံနိုင်ဘူးဆိုတာကတော့ သေချာသလောက်ဖြစ်တယ်။ အဲ့လိုမျိုးကျောက်ကတော့  အလှဆင်တာတွေမျိုးပဲသုံးတယ် ဆောက်လုပ်ရေးပိုင်းမှာ ဘယ်လိုမှသုံးရင်အဆင်ပြေမှာမဟုတ်ဘူး။ အောက်ကအခံက ကျောက်ခဲက ကွန်ကရစ်မတွယ်နိုင်တော့ကျ ခါးပျက်မှာပဲပေါ့နော်” ဟု ဆိုသည်။

အဆိုပါ  မြေထိန်းနံရံကို ခိုင်ခံ့စွာဆောက်လုပ်ပေးစေလိုပြီး မိုးရာသီမဝင်မှီ ပြီးစီးစေလိုကြောင်း ဒေသခံများက တောင်းဆိုနေကြသည်။

မြေထိန်းနံရံ ဆောက်လုပ်မှုကို တာဝန်ယူဆောင်ရွက်နေသော ကုမ္ပဏီနာမည်မှာ သူဇာဟိန်း ဆောက်လုပ်ရေးလုပ်ငန်းဟု ကြားသိခဲ့ရသော်လည်း အသေးစိတ်အချက်အလက်များကို ကျေးရွာဒေသခံနှင့် ကော်မတီဝင်များအား တစ်စုံတရာမျှ ပြောပြခဲ့ခြင်းမရှိကြောင်း အခြားသော ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“လူကြီးတွေတောင်မသိဘူးဟုတ်တယ်။ သူတို့တွေက ရပ်ကွက်ရေးမှူး ကော်မတီဝင် ဘယ်သူမှကို ဘာမှမပြောဘူးလေ။ အဲ့က အလုပ်သမားတွေကိုလည်း မေးကြည့်ပြီးပြီ။ ကုမ္ပဏီဘာလဲလို့ မေးတာကို မသိဘူးတဲ့။ ဒီလူတွေ ဆိုင်းဘုတ်လည်း မထောင်ဘူး။ တိုးတိုးတိတ်တိတ်ပဲလုပ်တာ။ သူတို့အလုပ်က ဘာလုပ်တာလဲ လမ်းလုပ်တဲ့သူတွေလား။ ရွှေတူးတဲ့လူတွေလား။ သစ်လုပ်တဲ့သူတွေလား ဆိုတာ ဘာမှကိုမသိရဘူး” ဟု ပြောသည်။

မြေထိန်းနံရံ ဆောက်လုပ်မှုကို တာဝန်ယူ တည်ဆောက်နေသော သူဇာဟိန်းဆိုသည့် ကုမ္ပဏီနှင့် ပတ်သက်ပြီး The 74 Media က ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ဝက်ဘ်ဆိုက်တွင် ရှာဖွေခဲ့သော်လည်း တွေ့ရှိခဲ့ခြင်းမရှိပါ။

အဆိုပါ  မြေထိန်းနံရံဖြစ်မြောက်ရေးကို ၂၀၁၉ ခုနှစ်တွင် ကချင်ပြည်နယ်အစိုးရထံတင်ပြထားခဲ့ပြီး ယခုနှစ် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ လဆန်းပိုင်းမှစတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဝိုင်းမော်မြို့နယ် အော်ရာကျေးရွာတွင် လူဦးရေစုစုပေါင်း ၂၅၅ ဦးခန့် နေထိုင်ပြီး အိမ်ထောင်စုအရေအတွက် ၇၀ ခန့်နေထိုင်ကြောင်း သိရသည်။

သတင်း – Ma Di

ဓါတ်ပုံ – CJ

သင့်ထင်မြင်ချက်ရေးပေးပါ