ပန်ဝါအခြေစိုက်နယ်ခြားစောင့်တပ် ခေါင်းဆောင်ဟောင်း၏ တောင်းဆိုမှုကြောင့် ကန်ပိုက်တီမြို့ကို ကံပိုင်တည်မြို့အဖြစ် စစ်ကောင်စီက အမည်ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ ပြည်နယ်အစိုးရထောက်ခံချက်ဖြင့် ဦးဇခုန်တိန့်ယိန်းကတင်ပြခဲ့သည်ကို ပြည်ထဲရေးဝန်ကြီးဌာနက ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီပိုင် မြဝတီရုပ်မြင်သံကြားက ယမန်နေ့က သတင်းထုတ်ပြန် ကြေညာခဲ့ကြောင်းသိရသည်။

ကန်ပိုက်တီမြို့သည် တရုတ်ဘာသာစကားအရ ကန်း(ခြောက်သွေ့ခြင်း)၊ ပိုက်(ပျက်စီးခြင်း)၊ တီ(နေရာ) ခြောက်သွေ့ပျက်စီးသောနေရာအဖြစ်အဓိပ္ပါယ်ရသဖြင့် မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းအရ ကံ (ကံကောင်းခြင်း)၊ ပိုင် (ပြည်ထောင်စုက ပိုင်ဆိုင်ခြင်း)၊ တည်(တည်ငြိမ်ခြင်း) ကံပိုင်တည်ဟု ပြည်သူလူထုအားလုံး၏ သဘောသူညီချက်ဖြင့် အမည် ပြောင်းလဲလိုက်ခြင်း ဖြစ်ကြောင်း ကြေညာချက်တွင်ပါဝင်သည်။

တရုတ် – မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်တည်ရှိရာ ကန်ပိုင်တီမြို့သည် ပင်လယ်ရေမျက်နှာပြင် အထက် ၆၅၃၄ ပေတွင်တည်ရှိပြီး မြို့ဧရိယာမှာ ၂၀၈.၅၉ စတုရန်းမိုင်ကျယ်ဝန်းကာ ရပ်ကွက် သုံးခု၊ ကျေးရွာအုပ်စု သုံးစု၊ ကျေးရွာပေါင်း ၃၀ တို့ဖြင့် ဖွဲ့စည်းထားသောမြို့ကို ၂၀၁၄ ခုနှစ်က ပြည်ထဲရေးဝန်ကြီးဌာနက မြို့နယ်ခွဲအဆင့်မှ မြို့အဆင့်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။

အသက် ၈၂ နှစ်ခန့်အရွယ်ရှိ ပန်ဝါအခြေစိုက် နယ်ခြားစောင့်တပ်ခေါင်းဆောင်ဟောင်း ဦးဇခုန်တိန့်ယိန်းသည် ကချင်အထူးဒေသ(၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ်၏ ဥက္ကဌ နှင့် ဒီမိုကရေစီပါတီသစ်(ကချင်) (N.D.P)၏ နာယက တစ်ဦးသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ် ဧပြီလ (၁၇) ရက်နေ့က ဦးဇခုန်တိန့်ယိန်းအား ဝဏ္ဏကျော်ထင်ဘွဲ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း – Nan non

ဓါတ်ပုံ – Credit

သင့်ထင်မြင်ချက်ရေးပေးပါ