ချောင်းဦးဒေသခံပြည်သူများ၏ စိုက်ပျိုးခြံ ဧက ၂၀၀ ခန့်ကို စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့က သုံးရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အင်းမကျေးရွာရှိ ဒေသခံအိမ်ထောင်စု ၄၀ ခန့်၏ ကွမ်းခြံ၊ ကုလားပဲစိုက်ခင်း၊ ဂျုံခင်းတို့ကို ဖေဖော်ဝါရီလ ၁၈ ရက်မှစတင်ကာ သုံးရက်တာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု အသက် ၄၇ နှစ်အရွယ် အင်းမဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“မီးရှို့တာတွေ ခဏခဏကြုံရတော့ ကျွန်တော်တို့ မီးဒဏ်ကို ကြောက်လို့ ‌ရေစက်နဲ့ ပိုက်နဲ့က အမြဲဆောင်ထားရတာ။ နေ့တိုင်း နေ့တိုင်းကို ရှို့နေတာ။ အရင်ရက်တွေကလည်းရှို့တာ။ မီးရှို့ခံရတဲ့နေ့ကဆိုရင် လက်တွေ လက်မောင်းတွေတို့ ရင်ဘတ်တွေတို့ လောင်တာပေါ့ဗျာ။ မီးလောင်တော့ တချို့ဆို ဝတ်ထားတဲ့ ဟာတွေ ချွတ်ပြီးငြိမ်းသတ်တော့ကျ ကိုယ်တုံးလုံးတွေကိုဖြစ်သွားရောဗျာ။ မီးရှိန်တွေကြောင့်လည်း ဆံပင်မွေးတွေဆိုရင် တွန့်ချိတ်ပြီးတော့ ကပ်သွားကုန်ကြတာ‌ပေါ့ဗျာ” ဟု ဆိုသည်။

၂၀၂၂ ခုနှစ် ဧပြီလကလည်း အင်းမကျေးရွာ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး စားဝတ်နေရေးဖြေရှင်းနိုင်ရန် စိုက်ပျိုးထားသော စိုက်ခင်းများ ထပ်မံမီးရှို့ဖျက်ဆီးခံခဲ့ရသောကြောင့် အခက်အခဲများ ကြုံတွေ့နေရသည်ဟု သူက ဆက်ပြောသည်။

“တောင်သူတွေက ခေတ်ကာလအရ ဆန်စပါး စိုက်ပျိုးလို့မရတော့ စပါးလုံးဝမစိုက်ရဲဘူး။ နှစ်စဉ်စပါးစိုက်နေကျလူတွေက စပါးမစိုက်ရတော့ ဆန်မရှိဘူးပေါ့။ ဆန်ဝယ်စားနိုင်ဖို့ ပဲနဲ့ ဂျုံကို ရောင်းပြီး ဆန်ကို ဝယ်စားရတဲ့ချိန် ဒါတွေဆုံးရှုံးသွားတော့ စားဝတ်နေရေး တော်တော်ခက်ခဲသွားတာပေါ့ဗျာ။ အခု အားကိုးအားထားရာဖြစ်တဲ့ ကွမ်းခြံ ပဲနဲ့ ဂျုံတွေပဲ အားကိုးရတာ။ စိုက်ခင်းတွေပါသွားတော့လည်း ဝင်ငွေမရှိတော့ဘူးလေ။ မီးငြိမ်းသတ်နေရတာက ကျွန်တော်တို့အတွက် လုပ်ငန်းတစ်ခုလိုကို ဖြစ်နေတော့တာပေါ့ဗျာ” ဟု ပြောသည်။

မီးရှို့ဖျက်ဆီးမှုကြောင့် ၁ နှစ်ကျော်၊ ၂ နှစ်ကျော် သက်တမ်းရှိ ကွမ်းပင်များနှင့် ခြောက်လကြာသက်တမ်းရှိ ကွမ်းပင် စုစုပေါင်း ၄၅၀၀ ပင် နှင့် ငွေပမာဏ သိန်း ၇၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ကွမ်းခြံပိုင်ရှင် အသက် ၄၅ နှစ်အရွယ်ခန့် အမျိုးသားတစ်ဦးက ဆိုသည်။

“မနှစ်က ရွာမီးရှို့ခံရတော့ အိမ်ပါသွားတာတောင် အဲ့လောက်ထိဝမ်မနည်းမိဘူး။ အခု ဒီ ကွမ်းခြံပဲအားကိုးပြီးနေရတာကို ဒါပါပါသွားတော့ ရှေ့ဆက်ပြီး ဘာလုပ်ရမလဲကို မသိတော့ဘူးဗျာ” ဟု ဆိုသည်။

အင်းမကျေးရွာ၏ အရှေ့ဘက်ခြမ်း၊ အနောက်ဘက်ခြမ်း၊ တောင်ဘက်ခြမ်းပတ်လည်ရှိ စိုက်ပျိုးရေးခြံ ဧက ၂၀၀ ခန့်ပျက်စီးဆုံးရှုံးခဲ့ခြင်းဖြစ်သည်။

ဒေသခံများ၏အဆိုအရ အင်းမကျေးရွာတွင် အိမ်ခြေစုစုပေါင်း နှစ်ရာခန့်ရှိပြီး လူဦးရေစုစုပေါင်း ခုနှစ်ရာခန့် နေထိုင်သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီလတွင် အင်းမကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သုံးကြိမ်ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးမှုကြောင့်‌ နေအိမ်စုစုပေါင်း ၁၁၆ အိမ် မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။

သတင်း – Ma Di

ဓါတ်ပုံ – CJ

သင့်ထင်မြင်ချက်ရေးပေးပါ