စစ်ကောင်စီပူးပေါင်းစစ်ကြောင်းက စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်‌၊ ချောင်းကြားကျေးရွာကို ယမန်နေ့နံနက် ရှစ်နာရီက တတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အင်အား ၁၂၀ ဝန်းကျင်ပါဝင်သည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းမှာ ချောင်းကြားကျေးရွာကို တတိယအကြိမ် မီးရှို့ခဲ့သောကြောင့် ဒေသခံနေအိမ် ၂၄ လုံးနှင့် ဆိုင်ကယ်သုံးစီး မီးလောင်ပျက်စီးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (ပကဖ)တစ်ဦးက The 74 Media ကိုပြောသည်။

“ကျွန်းလှမြို့နယ် အစပ်နားလေးက ပေကုန်းရွာက ပျူတွေနဲ့ ပေါင်းပြီးတော့ ထွက်ခဲ့တယ်။ ပြီးတော့ မနက် ရှစ်ခွဲပတ်ချာလည်လောက်မှာ မီးရှို့တာပဲ။ တစ်နာရီလောက်ကျတော့ ပေကုန်းရွာဘက်ပြန်ထွက်သွားတယ်” ဟုပြောသည်။

စစ်ကောင်စီစစ်ကြောင်းထွက်ခွာချိန်တွင် မီးငြိမ်းသတ်ရန် ကျေးရွာအတွင်းသို့ဝင်ရောက်လာသည့် ဒေသခံတစ်ဦး မိုင်းနင်းမိခဲ့ကြောင်း မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“မိုင်းမိတာက ဘယ်ဘက်က မိုင်းလဲတော့ မသိဘူး။ ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့တွေက ထောင်ထားတဲ့မိုင်းလား၊ စစ်ကောင်စီကထောင်ထားတဲ့မိုင်းလားဆိုတာ မသိရသေးဘူး။ စစ်ကောင်စီ ပြန်ဆုတ်သွားတဲ့အချိန်မှာ မီးငြိမ်းသတ်ဖို့ ပျက်စီးဆုံးရှုံးမှုတွေ ပြန်ကြည့်ဖို့ ဝင်ကြတဲ့အခါ မိုင်းနင်းမိတာပေါ့” ဟုပြောသည်။

မိုင်းနင်းမိသည့် အမျိုးသားမှာ ချောင်းကြားကျေးရွာဒေသခံဖြစ်ပြီး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်းသူကပြောသည်။

အဆိုပါစစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်း ဝင်ရောက်ချိန်တွင် ချောင်းကြားကျေးရွာအပါအဝင် အနီးတဝိုက်ရှိ မန်ကျီးကုန်းရွာ၊ ဖလားရရွာ၊ ပင့်သာရွာ၊ ရှမ်းကုန်းရွာနှင့် အင်းမကျေးရွာမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေပြီး လက်ရှိအချိန်တွင် ကျေးရွာအတွင်းသို့ ပြန်လည်ဝင်ရောက်နေပြီဖြစ်ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီစစ်ကြောင်းမှာ အိမ်ခြေ ၁၁၄ လုံးရှိသည့် ချောင်းကြားကျေးရွာကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၄ ရက်နေ့က တစ်ကြိမ်၊ ပြီးခဲ့သည့်လ ဇန်နဝါရီလ ၂၉ ရက်နေ့က ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၃၀ကျော် မီးလောင်ပျက်စီးခဲ့ပြီး ဖြစ်ကြောင်းသိရသည်။

၂၀၁၇ သန်းခေါင်စာရင်းအရ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ကျေးရွာအုပ်စု ၈၆ စုရှိပြီး လူဦးရေနှစ်သိန်းခုနှစ်သောင်းကျော် နေထိုင်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ကန့်ဘလူမြို့နယ်၊ မြေမွန်ကျေးရွာကို စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၃၆၉) နှင့်ပျူစောထီးပူးပေါင်းစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့သည့်အတွက်ကြောင့် နေအိမ်၂၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

သတင်း – Yu San

ဓါတ်ပုံ – ကန့်ဘလူ-ကျွန်းလှ တက်ကြွလှုပ်ရှားရေးအဖွဲ့

သင့်ထင်မြင်ချက်ရေးပေးပါ