မူဆယ်မြို့ အမှတ် (၂) ဈေးအနီး ယနေ့နံနက် ၁၀ နာရီခန့်က နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ဇနီးဖြစ်သူနှင့်အတူ ဈေးဝယ်လာစဉ် အမည်မသိ အမျိုးသားနှစ်ဦးက လာရောက်ပစ်သတ်သွားခြင်းဖြစ်ကြောင်း သွားရောက်ကူညီခဲ့သူတစ်ဦးက The 74 Media ကိုပြောသည်။

“သူတို့လင်မယားတွေ ဈေးသွားဝယ်တာ ဈေးထဲမှာလုပ်ကြံခံရတယ်။ မိန်းမလည်းထိတယ် မိန်းမကတော့ မသေဘူး။ ခန္ဓာကိုယ် ဘယ်အစိတ်အပိုင်းကို ထိသွားတာလဲတော့ မသိဘူး။ ကျွန်တော်တို့လွဲသွားတယ်။ မိန်းမတော့ ဆေးရုံမှာမရှိတော့ဘူး အိမ်ပြန်သွားပြီ” ဟုပြောသည်။

ရုပ်အလောင်းကို မူဆယ်ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး သေဆုံးခဲ့သူမှာ အသက် ၃၀ ကျော်ခန့်အရွယ်ရှိ ဦးသိန်းဇော်(ခ) ဦးရှည်ကြီးဆိုသူဖြစ်ပြီး မူဆယ်မြို့မရဲစခန်း နယ်ထိန်းတစ်ဦးဖြစ်ကြောင်း ဒေသခံအမျိုုးသားတစ်ဦက ပြောသည်။

“ခဏကဖြစ်သွားတာ မူဆယ်မှာ သိတဲ့သူတွေကတော့ အရှည်ကြီးလို့သိကြတယ်။ နာရီစင်နဲ့ ဘယ်လောက်မှ မဝေးဘူး ဈေးဝယ်နေတဲ့အချိန်ထင်တယ် ဆိုင်ရှေ့မှာရပ်နေတဲ့ အချိန်ဖြစ်သွားတာထင်တယ်။ ခါတိုင်းက မြို့ထဲမှာ တွေ့နေကြပဲ” ဟုပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ ကောင်းမူတုံရပ်ကွက် ဒေသအခေါ် မင်္ဂလာမူဆယ်အနီးတွင်လည်း ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

သတင်း – Nan non

ဓါတ်ပုံ – CJ

သင့်ထင်မြင်ချက်ရေးပေးပါ